images
UN
UN
မျိုးဗီဇပြုပြင်ထားသည့် သီးနှံများထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံရေး
ဒေါက်တာနေဝင်း(မွေးကု) Sunday, 08 April 2018
ယနေ့ကမ္ဘာ့လူဦးရေတိုးပွားလာမှုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအား ထုတ် လုပ်မှုမြင့်မားစေရန် လိုအပ်နေသကဲ့သို့ တစ်ချိန်တည်းမှာပင် ရေအရင်းအမြစ်များ လျော့နည်းလာမှု၊ မြေဆီလွှာများခန်း ခြောက်လာမှုနှင့် ရာသီဥတုပြောင်းလဲမှု တို့ကလည်း စားနပ်ရိက္ခာ ပိုမိုထုတ်လုပ် ရန် ဖိအားပေးလျက်ရှိပါသည်။
ယနေ့ကမ္ဘာပေါ်တွင် သန်းပေါင်း ၁ဝဝဝ သောလူများသည်ငတ်မွတ်မှုဒဏ် အား ခံစားနေရသည့်အပြင် အာဟာရ မပြည့်စုံသည့်ရောဂါများကိုလည်း ခံစား နေရပါသည်။ လူဦးရေတိုးတက်များပြား လာမည့် ၂ဝ၅ဝ ပြည့်နှစ်တွင် ယနေ့ ထုတ်လုပ်နေသည့်စားနပ်ရိက္ခာ ထုတ် လုပ်မှုပမာဏ၏ ရာခိုင်နှုန်း ၇ဝ ကို ပိုမိုထုတ်လုပ်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် ၂ဝ ရာစုနှစ်ထက်ဝက် ခန့်တွင် ကြုံတွေ့လာရသည့်အမြဲတမ်း တိုးပွားနေသည့် လူဦးရေကြောင့် စားနပ် ရိက္ခာလိုအပ်ချက်မြင့်မားလာမှုအား သိပ္ပံ ပညာရှင်များမှနေ၍ လယ်ယာစိုက်ပျိုး ရေးဆိုင်ရာစမ်းသပ်ချက်များမှ မျိုးဗီဇ ပညာရပ်ကိုအသုံးပြု၍ အင်အားဓာတ် မြင့်မားသည့် သို့မဟုတ် အသားဓာတ် မြင့်မားသည့် သီးနှံများထုတ်လုပ်နိုင်မှု၊ ပိုးသတ်ဆေး သို့မဟုတ် ပေါင်းသတ် ဆေးသုံးစွဲမှုဒဏ်အား ပိုမိုခံနိုင်ရည်ရှိ သောသီးနှံပင်များကိုထုတ်လုပ်ရန် ကြိုး ပမ်းမှုမှနေ၍ မျိုးဗီဇပြုပြင်ထားသည့် သီးနှံပင်များပေါ်ထွက်ခဲ့ပါသည်။ မျိုးဗီဇ ပြုပြင်ထားသည့် သီးနှံပင်များတွင် ဖြစ် နိုင်ခြေရှိသော အကျိုးဖြစ်ထွန်းမှုများ အနေဖြင့် ၄င်းအပင်၏အသီးများတွင် အရည်အသွေးနှင့် အရသာပိုမိုကောင်းမွန် ခြင်း၊ အသီးများရင့်မှည့်ရန် အချိန်တို တောင်းခြင်း၊ အသီးများတွင် အာဟာရ ဓာတ်ပိုမိုပါဝင်ခြင်း၊ အသီးများပိုမိုသီး ခြင်း၊ ဖိစီးမှုဒဏ် ပိုမိုခံနိုင်ခြင်း၊ ရောဂါ ကျရောက်မှု၊ ပိုးမွှားကျရောက်မှုနှင့် ပေါင်းသတ်ဆေးသုံးစွဲမှုအား ပို၍ခံနိုင် ရည်ရှိသည်ကို တွေ့ရပါသည်။

သီးနှံပင်များစိုက်ပျိုးရာပတ်ဝန်းကျင် နှင့်ဆက်စပ်မှုတွင် ၄င်းအပင်များအနေ ဖြင့် ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးတို့ နှင့် မိတ်ဖက်ဖြစ်ခြင်း၊ မြေဆီ၊ ရေနှင့် အင်အားဓာတ်တို့ကို ပိုမိုထိန်းသိမ်းထား နိုင်ခြင်း၊ သစ်တောများအတွက် ဇီဝဖြစ် စဉ်များဖြစ်ပေါ်ပေးခြင်း၊ ပို၍ကောင်းမွန် သောသဘာဝနည်းဖြင့် စွန့်ပစ်ပစ္စည်း များကို အသုံးပြုနိုင်သည့် စွမ်းဆောင် နိုင်သောဖြစ်စဉ်များ ဖြစ်စေခြင်းတို့ဖြစ် ပေါ်စေပါသည်။
သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ အတွက် ကမ္ဘာပေါ်တွင်တိုးပွားလာသည့် လူဦးရေအတွက် စားနပ်ရိက္ခာဖူလုံမှုအား မြင့်မားစေပါသည်။
ပိုးမွှားဒဏ်ခံနိုင်မှုနှင့် ပတ်သက်၍ မျိုးဗီဇပြုပြင်ထားသောအသီးများ အနေ ဖြင့် ပိုးသတ်ဆေးသုံးစွဲမှုကို လျော့နည်း စေပြီး အသီးများအတွင်းရှိ ပိုးသတ်ဆေး ဒဏ်ခံနိုင်သည့် အသားဓာတ်က သစ်ပင် ၏သက်တမ်းတစ်လျှောက်လုံး တည်ရှိ နေခြင်းပင်ဖြစ်ပါသည်။ ပေါင်းသတ် ဆေးဒဏ်ခံနိုင်မှုနှင့်ပတ်သက်၍ ၆၃ ရာခိုင်နှုန်းသော မျိုးဗီဇပြုပြင်ထား သည့်အသီးများအနေဖြင့် ပေါင်းသတ် ဆေးသုံးစွဲရမှုလျော့နည်းခြင်း၊ သီးနှံပိုမို ထွက်ရှိလာမှုအား စိုက်ပျိုးသူလယ်သမား များက ခံစားရခြင်းတို့ဖြစ်ပါသည်။
မျိုးဗီဇပြုပြင်ထားသည့် သီးနှံပင်များ ၏ထူးခြားမှုတစ်ခုအနေဖြင့် ၄င်းသစ်ပင် များတွင် အစာချက်လုပ်သည့်စွမ်းရည် ပိုမိုရှိခြင်းပင်ဖြစ်ပါသည်။ ၄င်းသစ်ပင် များအနေဖြင့် လေထုအတွင်းရှိကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်အား ပိုမိုထုတ်ယူ သုံးစွဲမှုပြုနိုင်သည့်အတွက် အသီးအနှံများ ပိုမိုဖြစ်ထွန်းစေပါသည်။ အထူးသဖြင့် အပူချိန်မြင့်မားချိန်တွင် ပို၍အစာချက်လုပ် မှုအားဖြစ်ထွန်းစေပါသည်။ ဥပမာအား ဖြင့် မျိုးဗီဇပြုပြင်ထားသောစပါးပင်များ တွင် ဖြစ်ပါသည်။
မျိုးဗီဇပြုပြင်ထားသောသီးနှံမျိုးစေ့ များကို ၁၉၉၄ ခုနှစ်နှင့် ၁၉၉၆ ခုနှစ် အတွင်းဖော်ထုတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း တွင်နိုင်ငံပေါင်း ၂၅နိုင်ငံမှ ယင်းမျိုးစေ့ များဖြင့် ကမ္ဘာ့မြေပြင်၏ စိုက်ပျိုးမြေ၏ ၈ ရာခိုင်နှုန်းသောမြေဧရိယာဟက်တာ ၁၂၅ သန်းပေါ်တွင် စိုက်ပျိုးခဲ့ပါသည်။ မျိုးဗီဇပြုပြင်ထားသောသီးနှံပင်များထဲ တွင် ဝါ၊ စပါး၊ ပဲပိစပ်၊ ကြံ၊ သင်္ဘော ပင်၊ ပြောင်း၊ အာလူး၊ ဆေးရွက်ကြီးနှင့် ပဲပင်များ ပါဝင်ပါသည်။
ထို့ကြောင့် စိုက်ပျိုးသည့်ပတ်ဝန်း ကျင်နှင့် သဟဇာတဖြစ်၍ သီးနှံထွက်ရှိမှု မြင့်မားစေပြီး တိုးပွားလာသည့်ကမ္ဘာ့ လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံမှု ဖြစ်စေသည့် မျိုးဗီဇပြုပြင်ထားသော သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်မှုကို သိရှိ နိုင်ပါရန် ရေးသားတင်ပြလိုက်ရပါ သည်။