images
UN
UN
စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲတွင် ဆုရရှိသူများ၏ရင်တွင်းစကားသံများ (အပိုင်း ၂ )
Sunday, 08 April 2018
ဟမ်စိုင်း(ဆေး-မန်း)
-----------------------
မေး။ ဆရာ့အနေနဲ့ စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ။ စိမ်းလန်းရွှေပြည်က စာပေပြိုင်ပွဲ ကျင်းပမယ့်အကြောင်း လူမှုကွန်ရက်မှာ သတင်းစာဖြတ်ပိုင်းလေး တင်ထားပြီး ၂ဝ၁၆ ထွက်တဲ့ဝတ္ထုတွေ ပြိုင်ပွဲဝင် လို့ရတယ်ပေါ့။ ကျွန်တော်ဖတ်ကြည့် လိုက်တော့လည်း မြန်မာစာပေတိုးတက် ရေးအတွက်ဆိုပြီးတော့ ရေးထားတာ လည်း တွေ့တယ်ပေါ့နော်။ ကိုယ်လည်း ဝတ္ထုထုတ်ထားတယ်ဆိုတာနဲ့ ပြိုင်ဖြစ် ခဲ့တာပါ။
မေး။ ဒီပြိုင်ပွဲက မြန်မာစာပေနဲ့ ကဗျာ တွေရှင်သန်ဖွံ့ဖြိုးဖို့ ရှေးရှုပြီး တော့စီစဉ်ခဲ့တဲ့ ပြိုင်ပွဲဖြစ်တဲ့ အတွက်ကြောင့် လက်ရှိမြန်မာ စာပေနဲ့ ကဗျာတွေအပေါ် ဆရာရဲ့ အမြင်။ လက်ရှိအနေအထားအပေါ် မှာရော မြန်မာစာပေအပေါ် ပြည် သူလူထုတွေက စိတ်ဝင်စားမှုရှိ လား။ လျော့ကျနေလားဆရာ့ရဲ့ အမြင်သုံးသပ်ချက်လေးပြောပေး ပါဦး။
ဖြေ။ မြန်မာစာပေဆိုရင်တော့ အခု မဂ္ဂဇင်းတွေ တဖြုတ်ဖြုတ်ကြွေ ပေါ့။ စာအုပ်အငှားဆိုင်တွေ တဖြုတ် ဖြုတ်ကြွေပေါ့။ ဘာလို့လဲဆိုတော့ ဝယ်မဖတ်တော့ဘူး။Social Media တွေပေါ့။ Facebook ပေါ်လာတယ်။Facebook ပေါ်မှာပဲ လူတွေကသာယာ နေကြတယ်။ ရသစာပေကျဆုံးခန်း ရောက်နေလို့လားတောင်မှ ပြောကြ တယ်ပေါ့နော်။ စာတွေမဖတ်ကြတော့ ဘူး။ သတင်းတွေနောက်လိုက်နေတယ်။ ဂန္ထဝင်ကဗျာတွေဆိုရင်လည်း ဖတ်တော့ ဖတ်တယ်။ မရေးနိုင်တော့ဘူး။ ရေးနိုင် စွမ်းအားတွေ ကျလာတယ်ပေါ့နော်။ ခက်တာကိုး။ အကျဘက်မှာရှိနေတယ် ပေါ့။ ဒါပေမဲ့လည်း အခုလိုမျိုးပြိုင်ပွဲ တွေလုပ်ပေးတယ်ပေါ့။ ထားပါတော့ ဒီမှာဆိုရင် စိမ်းလန်းရွှေပြည်၊ စာပေ ဗိမာန်၊ အမျိုးသားစာပေ၊ ရွေှ့အမြူတေ၊ မြဝတီမဂ္ဂဇင်း အားလုံးကတော့ မြန်မာ စာပေတိုးတက်အောင် လုပ်နေကြတာပဲ ပေါ့။ ဒါပေမဲ့ အခုခေတ်ကလေးတွေ အကုန်လုံးစာဖတ်အားတွေ ကျလာတာ တော့ငြင်းမရဘူး။ ငြင်းမရဘူးဆိုတဲ့ အချက်ကမဂ္ဂဇင်းတွေအကုန်လုံးလက်ချိုး ရေလို့ရတယ်။ ကျွန်တော်တို့ငယ်ငယ် တုန်းက စာအုပ်အငှားဆိုင်မှာ လူတွေြ>ွပတ်ခဲနေတဲ့အချိန်၊ အခုအချိန်မှာ စာအုပ် အငှားဆိုင်တွေမရှိတော့ဘူး။ ဟိုနေ့ ကလည်း မုံရွာမှာရှိတဲ့ စာအုပ်အငှား ဆိုင်တွေ အကုန်ဖျက်လိုက်ပြီပေါ့။ အဲဒီ လိုဖြစ်တဲ့အခါကျတော့ တော်တော်တော့ လည်း မြန်မာစာပေက တဖြည်းဖြည်းနဲ့ အောက်ကိုကျနေတယ်ပေါ့။ ကျွန်တော် တို့ပြန်ကြိုးစားရမှာပေါ့။ ကြိုးစားတယ် ဆိုတာမှာလည်း စာဖတ်သူချည်း အပြစ် တင်လို့မရဘူးပေါ့။ စာရေးဆရာတွေ လည်း စာဖတ်သူတွေဖတ်ချင်အောင် ဘယ်လိုရေးရမလဲဆိုတာပေါ့။ နှစ်ပိုင်းရှိ တာပေါ့နော်။
မေး။ ဆရာစာပေလောကထဲကို ဝင် ရောက်လာတဲ့ အကြောင်းလေး ရယ်၊ အခုဆရာ ဆုရတဲ့ဝတ္ထုပေါင်း ချုပ်ထဲမှာ ဘယ်လိုအကြောင်း အရာတွေပါလဲ။ အဲဒါလေး နည်း နည်းလောက်မျှဝေပေးပါ။

ဖြေ။ ကျွန်တော်က ၂ဝ၁၃ မှာဘွဲ့ရတယ် ပေါ့နော်။ ဆေးတက္ကသိုလ်မန္တလေး က ဘွဲ့ရပြီးတော့ ၂ဝ၁၄ မှာ လူနာတစ် ယောက်အကြောင်းပေါ့။ လူနာကလေး လေးဆိုတာက သူက ကင်ဆာရောဂါ ကလေးလေးပေါ့။ ကင်ဆာရောဂါ ကလေးလေးက သူ့မိဘကလည်း မတတ် နိုင်တော့ဘူးပေါ့။ ဆေးခန်းတွေများတော့ ကျွန်တော့်ဆီကို လာကုတယ်။ လာကု တော့ကျတော့ အဲဒီကလေးနဲ့ သံယောဇဉ် ဖြစ်ပြီး အဲဒီကလေးအကြောင်းရေးဖြစ် တယ်ပေါ့။ ရေးဖြစ်ပြီးတော့ ပို့လိုက် တယ်။ ဇီဝကရယ်၊Health Uptade ဂျာနယ်ရယ် နှစ်ပုဒ်လောက် ရေးပြီးတော့ ပေါ့။ အဲဒီကနေ စာပေလောကထဲကို ၂ဝ၁၄ ခုနှစ် ၅လပိုင်းလောက်ကနေပြီး တော့ စရောက်လာတာပေါ့။ စရောက် လာပြီးတောက်လျှောက်ရေးဖြစ်တယ်ပေါ့။ ကျွန်တော်ကRealism ကို ကြိုက်တာ ကိုး။ သရုပ်မှန်ဝတ္ထုတွေ ကြိုက်တဲ့အခါ ကျတော့ရေးဖြစ်တယ်။ အခုတတိယလူထဲ မှာလည်းသရုပ်မှန်ဝတ္ထုတွေချည်းပါပဲ။
မေး။ ဒီမြန်မာစာပေနဲ့ ကဗျာပြိုင်ပွဲ ကျင်းပပေးတဲ့အပေါ်မှာရောဆရာ့ အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ။ အရမ်းကျေးဇူးတင်တယ်။ ပြိုင်ပွဲ ဆိုတော့စာပေဆိုတာက စာပေပဲ
လေ။ ဒီလိုပြိုင်ပွဲတွေ ရှိတဲ့အတွက် လည်း မနှစ်ကဆိုရင် အမျိုးသားစာပေ ဆု ကဗျာမှာ နှစ်ပိုင်းကွဲသွားတယ်ပေါ့။ အစ်ကိုတို့လည်းကြားမှာပါ။ ခေတ်ပေါ် ကဗျာနဲ့ အဲဒီလိုပေးမလား။ မပေးဘူး လား။ ဆုတစ်ဆုပဲပေးမယ်ပေါ့။ တစ်ဆု တည်းပဲ ပေးမယ်ဖြစ်သွားတဲ့အတွက် ဂန္ထဝင်ကဗျာသမားတွေ နုတ်ထွက်တဲ့ ဒိုင်လူကြီးတွေတောင် အများကြီး နုတ် ထွက်ကြပါတယ်။ ကျွန်တော်တို့ လေးစားတဲ့ဆရာကြီးတွေလည်းနုတ်ထွက် ကြတယ်ပေါ့။ဒါကတော့ထိန်းသိမ်းရမယ် လေ။ မြန်မာကဗျာကိုလည်း ပစ်ထားလို့ မရဘူးလေ။ ဘယ်လောက်ပဲ ခေတ်ပေါ် မော်ဒန်တွေရေးရေး မြန်မာကဗျာကို လည်း ထိန်းသိမ်းဖို့လိုအပ်တယ်လေ။ ခုလို ဒီလိုပြိုင်ပွဲကျင်းပပေးတဲ့အတွက် ကိုလည်း ကြိုဆိုပါတယ်။ လက်လည်း လက်ခံတယ်။ ပျော်လည်းပျော်တယ်ပေါ့ နော်။ ဘာလို့လည်းဆို ခုဆိုရင် သူက စာမူဆုနဲ့စာအုပ်ဆုဆိုပြီး ပေးတာကိုး။ စာအုပ်ဆုအတွက် စာအုပ်ပါထုတ်ပေး မယ်ဆိုတော့ခုခေတ်ကြီးထဲမှာ စာအုပ်က အုပ်ရေတစ်ထောင်ထုတ်လို့တောင် မကုန် တော့ဘူးလေ။ ဒီခေတ်ကြီးက တော် တော်ကြီးကို ဆိုးနေပြီပေါ့။ စာအုပ် သမားတွေအတွက် ဒီလိုမျိုးပြိုင်ပွဲလုပ် စာအုပ်တွေထုတ်ပေးတဲ့အတွက် ကြိုဆို ပါတယ်။ မြန်မာစာပေအတွက်လည်း တစ်ထောင့်တစ်နေရာကနေ အထောက် အကူပြုမယ်လို့ ယုံကြည်ပါတယ်။
မေး။ လက်ရှိဝတ္ထုတိုပေါင်းချုပ်နဲ့ ဆုရ ထားတာဆိုတော့ ဆုရခဲ့တဲ့ခံစား ချက်နဲ့ကျွန်တော်မေးတဲ့ထဲမှာ လို အပ်တာရှိရင် နည်းနည်းဖြည့်စွက် ပြီးတော့ ပြောပေးပါဦး။
ဖြေ။ ဆုရတာတော့ ပျော်တာပေါ့။ တတိယလူဝတ္ထုလေး ထုတ်ထား
တာလည်း သတင်းစာဖြတ်ပိုင်းလေး တွေ့တော့ ပြိုင်ဖြစ်တယ်။ ပြိုင်ဖြစ်တော့ ဆုရတယ်လို့ အကြောင်းကြားတဲ့အခါ ပျော်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ကြိုးကြိုးစားစား ရေးခဲ့တာကိုး။ မြန်မာစာပေအတွက် ကကျတော့ ကြိုးစားရမှာပဲ။ ကျွန်တော် တို့လူငယ်တွေအကုန်လုံး ရှေးရိုးစွဲအနေ နဲ့ပဲမဟုတ်ဘဲ ခေတ်နဲ့လည်းမျက်ခြည် ပြတ်လို့မရဘူး။ အခုဆိုရင် မူရာကာမိ ဝတ္ထုပေါ့။ ဘာသာပြန်တွေဆိုရင် တစ် ကမ္ဘာလုံးကြိုက်ကြတယ်။ အဲဒီလောက် ထိ ဖြစ်အောင်ကို ကြိုးစားရမယ်။ နွား ခြေရာခွက်ထဲတင် ရပ်နေလို့မရဘူး။ ကျွန်တော်တို့ မြန်မာစာပေကို နိုင်ငံခြား ကို ဘယ်လိုထိုးဖောက်မလဲ။ အဲဒီလို ထိုး ဖောက်ဖို့အတွက်International ဆိုရင် အင်္ဂလိပ်လိုလာပြီ။ အင်္ဂလိပ်စာကျွမ်း ရမယ်။ ဘာသာပြန်တွေကျွမ်းရမယ် ပေါ့။ ဝတ္ထုတွေလည်း ဖတ်ရမယ်။ ဒီ လောက်လေးနဲ့ ရပ်တန့်နေလို့မရဘူး ပေါ့။ မြန်မာစာပေတိုးတက်ဖို့အတွက်ဆို ရင်တော့ အဲဒါကလည်း ကျွန်တော်တို့ ချည်းလုပ်လို့မရဘူး။ အကုန်လုံးလုပ်ရ မယ်။ ခုလိုပြိုင်ပွဲတွေလုပ်ပေးတာလည်း ကောင်းပါတယ်။ ဒါ ကျွန်တော်က စာအုပ်ဆုပေါ့နော်။ စာမူဆုအတွက်ဆိုရင် ရွက်ပုန်းသီးတွေ ထွက်လာတာပေါ့။
ရွက်ပုန်းသီးဆိုတာကစာအုပ်တစ်အုပ်ထုတ် ရင် ၁ဝ သိန်းနဲ့ သိန်း ၂ဝ ကြား ကုန်တာ ကိုး။ ကိုယ်တိုင်ကျတော့ မလွယ်ဘူးလေ။ စာရေးတဲ့သူတွေက များသောအားဖြင့် ဝါသနာအရသာရေးကြတာကိုး။ အဆင် မပြေတဲ့သူတွေဆိုရင်ထုတ်ဖို့မလွယ်တော့ ဒီစာမူဆုတွေထုတ်ပေးတယ်ဆိုရင်စာအုပ် တွေထွက်လာမှာပဲ။ သူတို့အကဲဖြတ်ဒိုင် တွေနဲ့ သေချာစိစစ်ရွေးချယ်ထားတဲ့ အတွက် စာအုပ်ကောင်းတွေထွက်လာ တာ စာပေလောကအတွက် အထောက် အကူပြုမှာပါ။