images
UN
UN
စာပေဝါသနာ
ချစ်နိုင်(စိတ်ပညာ) Tuesday, 10 April 2018
''ဟေ့ကောင် တကုပ်ကုပ်နဲ့ ဘာတွေရေး နေတာလဲ''
''ဟ... သူငယ်ချင်း။ လာ၊ ထိုင်။ စာပေ ဟောပြောပွဲတစ်ခု သွားဟောပြောဖို့ရာ မှတ်စု ထုတ်နေတာပါကွာ''
''ဆောင်းပါးရေးနေတာ မဟုတ်ဘူးလား''
''မဟုတ်ဘူး''
''ပြောစမ်းပါဦး။ ဘယ်မှာဟောပြောရမှာ လဲ။ ဘယ်သူတွေနဲ့လဲ''
''ပြင်ဦးလွင် (မေမြို့)မှာ မျက်မမြင်ပရဟိတ ကျောင်းမှာ သွားဟောရမှာပါ။ ဆရာအကြည် တော်နဲ့ပါ။ အစကတော့ ဆရာကြီးချစ်စံဝင်းပါ ဖို့ပဲ။ ဒီခရီးကိုဦးစီးစီမံပေးတာ ဆရာကြီးချစ်စံဝင်း ပါ။ အချိန်ကပ်မှ မျက်စိခွဲဖို့ ဖြစ်လာတော့ ဆရာ ကြီးက စင်ကာပူသွားရမယ်။ ဟောပြောပွဲကို မလိုက်ပါနိုင်တော့ဘူး ဖြစ်သွားတယ်''
''ဆရာအကြည်တော်နဲ့ အတူတူပြောဖူး လား''
''အကြိမ်ပေါင်းများစွာ၊ မြို့၊ ရွာ၊ ကျောင်း ပေါင်းများစွာအတူသွား၊ အတူဟောပြော၊ တွဲခဲ့ဖူး ပါတယ်''
''ကိုချစ်နိုင်က ဘာတွေဟောပြောမှာလဲ''
''အဓိက ရည်ရွယ်ချက်ကတော့ မျက်မမြင် လူငယ်လေးတွေ အားတက်ပျော်ရွှင်အောင် ရှေ့ ဆက်ဘဝခရီးမှာ ချောမွေ့အောင်မြင်အောင် အထောက်အကူဖြစ်မယ့် ဗဟုသုတနဲ့ စိတ်နှလုံး ခံစားမှုရသပေးနိုင်အောင် ကြိုတင်စုဆောင်း၊ ရေးသားပြင်ဆင်ထားတယ်။ အခုဒါကိုလုပ်နေ တာပဲလေ''
''မင်းကတော့ တပ်မတော်အရာရှိဟောင်း ပီပီ ဘာမဆိုကြိုတင်မြော်တွေးပြီး ပြင်ပြင်ဆင်ဆင် စီမံချက်နဲ့လုပ်ချင်တာပဲနော်''
''အချိန်ရရင် ရသလောက်အကောင်းဆုံးပြင် ဆင်စီမံရမယ်လို့ ခံယူတယ်။ စစ်တိုက်တယ် ဆိုတာ မရေမရာမသေမချာမလုပ်ရဘူး။ တွက် ချက်ပြီးမှ စွန့်စားရတယ်။ ဖြစ်နိုင်သမျှ နိုင်မှာ သေချာအောင်လုပ်ပြီးမှ တိုက်ရတယ်။ အောင် မြင်မှုဟူသမျှဟာ စီမံချက်နဲ့ ကြိုတင်ပြင်ဆင်ခဲ့မှု ကောင်းမှသာ ရရှိနိုင်တာမဟုတ်လား''
''ဟုတ်ပါတယ် ကိုချစ်နိုင်။ ကဲပြောပါဦး၊ သူငယ်ချင်းကဘာတွေများ ဟောပြောဖို့ပြင်ထား သလဲ''
''ညစဉ်အိပ်ရာဝင်ခါနီးမှာ ကိုယ့်အဖေ ကျောင်းဆရာ ဦးမာတင်ပြောနေကျ စူဠာသမ္ဘဝ၊ မဟာသမ္ဘဝ သမိုင်းပုံပြင်ကို ကလေးလူငယ် ပရိသတ်ကို ပြန်ပြောပြမယ် စိတ်ကူးတယ်''
''သူငယ်ချင်းက အဲဒါတွေကို မှတ်စုထုတ် ပြီးပြုစုပြင်ဆင်နေတာကိုး။ ကိုယ့်ကိုပြလို့ရလား''
''ရပါတယ်ကွယ်''
''ကိုဖတ်ကြည့်ချင်တယ်''
''ဖတ်ပါ။ သူငယ်ချင်းဖတ်ကြည့်လေ''
''မိမိကို ညစဉ်အိပ်ရာဝင်၊ အဖေပြောနေကျ စူဠာသမ္ဘဝ၊ မဟာသမ္ဘဝဇာတ်ပုံပြင်''
ဟိုးအတိတ် ရှေးရှေးက ပျူနိုင်ငံ တကောင်း ပြည်ကြီးရှိသတဲ့။ မန္တလေးအထက် မိုင် ၁ဝဝ နီးပါး ဧရာဝတီမြစ်ကြီးရဲ့ အရှေ့ဘက်ကမ်းမှာ ယနေ့အထိ နန်းတော်ရာ၊ တိုင်လုံး၊အုတ်မြစ်၊ အုတ် ခုံများ သမိုင်းအထောက်အထား၊ အထင်အရှား ရှိတဲ့ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်၊ နှစ် ထောင်ကာလက မြို့တော် နန်းတော်ကြီးပေါ့။
ဘုရင်တစ်ပါးမှာ မိဘုရားကြီးက သားတော် နှစ်ပါးအမြွှာပူးမွေးရာမှာ၊ မျက်စိနှစ်ကွင်း အလင်း မရ၊ ကလေးလေးတွေက မျက်မမြင်မွေးရာပါ ဖြစ်တာတွေ့ကြရသတဲ့။ မိဘုရားကြီးက သား တော်လေးနှစ်ပါး အမြွှာပူးမွေးဖွားခဲ့တာ သေ လွန်သွားကြပါပြီလို့ ဘုရင်ကိုလိမ်ညာထားပြီး မျက်မမြင်သားတော်နှစ်ပါးကို လျှို့ဝှက်လုံခြုံစွာ ၁၈ နှစ်သားအရွယ်ထိအောင် မွေးမြူပြုစုထား သတဲ့။ အရွယ်ရောက်လာတဲ့အခါ အချက်အပြုတ်၊ အချုပ်အလုပ်၊ ဓားခုတ်လှံထိုးအမျိုးမျိုးသော ပညာတွေ သင်ပေးထားပြီမို့ ဧရာဝတီ မြစ်ရေ ကြော ဖောင်နဲ့မျှောလိုက်သတဲ့။ စစ်ကိုင်း နား အရောက်။အစားအစာပြည့်စုံစွာပါတဲ့ဟာ လျင်မြန် စွာကုန်တာ သတိပြုမိတော့ လက်ကိုဖမ်းဆွဲ။ သင် ဘယ်သူလဲ။ ဘီလူးမပါ။ ဘယ်သူလဲ။ မယ် ကုဝဏ်။ အသက်ကိုတော့ချမ်းသာပေးပါ။ မျက်စိ နှစ်ကွင်း အလင်းရအောင်ဆေးကုပေးပါရစေ။ ကုသ၊ ပျောက်ကင်း။စပြီးလင်းတဲ့နေရာကို စလင်း မြို့တွင်သတဲ့။ စပြီးကုတဲ့နေရာကိုစကုခေါ်သတဲ့။ ပုံပြင်ထဲက သမိုင်းပါ။ ယုံချင်ယုံ၊ မယုံချင်နေ။ မေဓာဝီဆိုတဲ့ရသေ့တစ်ပါး၊ ဧရာကမ်းခြေမှာရှိ။
သူ့မှာ အပျိုအရွယ်သမီးတစ်ယောက်ရှိနေ တယ်။ ဒါကိုဆရာမြို့မငြိမ်းကသီချင်းတစ်ပုဒ်ရေး ဖွဲ့ခဲ့ဖူးတယ်။
မေဓာဝီနဲ့ ဗေဒါရီ
တေးရေး-မြို့မငြိမ်း
ဆို-ဝင်းဦး
(၁) မေဓာဝီလေး-ရသေ့ငယ်ပျော်စံရှာသကို။ ဆင်နှာမောင်းတစ်ပင်လုံး၊ သုံးခွက်တစ်ခွက် တင်ကျို။
(၂) သောက်လွန်လွန်းလို့ကျောက်ခွက်ညိုမှာ ရွှဲ ရွှဲဆိုအောင်ရှူရှူပန်းတယ်လေး။
(၃) သမင်မ သောက်လို့ သန္ဓေပေး၊ မွေးဟေမွေး (ကလေးလေး-လူကလေး
သမင်မက မွေး သတဲ့)အလို! ကလေးမလေးပါလား!
(၄) (မွေးထိုက်လို့မွေးရတော့မယ်၊ သူငယ်မ ကုသိုလ်၊ ငါ့ကုသိုလ်)၂၊ ငါ့သမီးမှန်တယ်ဆို ရင်Lactogen, Glexo ငါ့လက်က ထွက်လိုက်ဟဲ့ချိုချို(နို့မှုန့်ဘူးအမည်)
(၅) ဘူးမမှုတ်နဲ့သမီးရယ်၊ ဖေဖေ့ကိုချစ်တယ်ဆို ဒယ်ဒီလေးကိုချစ်တယ်ဆို ဆိုဆို ဆို--- ရသေ့ကြီးဂျူတီတွေပို--၊
အနှီးလဲလို့ မောရင် စိတ်တို ဆဲတော့မှာ လိုလို--။
(၆) ဘူးမမှုတ်နဲ့သမီးရယ်၊ဒယ်ဒီ့ကိုချစ်တယ်ဆို၊ ဒယ်ဒီကြီးကိုချစ်တယ်ဆို ဆို ဆိုဆို- --ဆံကျစ်ကလေးကတစ်ထွာတစ်ညို၊လှလှပပ မှဒကာမတွေကြည်ညို၊ဆွမ်းတွေ ကွမ်းတွေ ဒလဟောဖောဖောသီသီနိုင်မယ်အီဖေကိုယ်။
ယနေ့ပြည်မြို့အထက် သုံးလေးမိုင်ကွာတဲ့ နေရာ နောင်အခါသရေခေတ္တရာနေပြည်တော်၊ နိုင်ငံဖြစ်လာမယ့်နေရာရောက်တော့ ကမ်းကပ်၊ ခြေခင်းလက်ခင်းသာတယ်။ ဥယျာဉ်ပမာ ပန်းမာလာများနဲ့ လှပသာယာတယ်လို့ကမ်းပေါ်သို့ မင်းသားနှစ်ပါးတက်အကြည့်။ ဟောဗျာ အပျို စင် ၁၈နှစ်သမီး ဗေဒါရီနဲ့တွေ့ပါလေရော။ လူ လား၊နတ်လား။ ရသေ့ကြီးကရေခပ်ခိုင်းထားတာ။ ဘူးဝ၊ အပ်ပေါက်လောက်နဲ့ ဗွလွတ်-ဗလွတ်။ သူ့ကို တစ်နေကုန်ကျောင်းအပြင် နှင်ထုတ်ထား တာ။ မင်းသားနဲ့တွေ့၊ ဘူးပေါက်ချဲ့ပေး။ ရေဘူး အမြန်ပြည့်။ ဒီကနေ့တော့မိုးမချုပ်ခင် ကျောင်းကို လိုက်သွား။ မဗေဒါ-မဗေဒါ-ဗေဒါရယ်လေ။
''ဗေဒါ-ဗေဒါ နင့်ဘူးကိုဘယ်သူချဲ့-ပြော ဟဲ့ဗေဒါ မဗေဒါ--''ရသေ့ကြီးမေဓာဝီကမေး။
''ကျွန်တော်ချဲ့ပေးမိပါတယ်''မဟာသမ္ဘဝကို အကြောင်းစုံမေးတော့၊ တကောင်းပြည်ကတိမ်း ရှောင်လာတဲ့မင်းမျိုးမင်းနွယ်ရသေ့ မေဓာဝီရသေ့။ ထီးမူ နန်းရာစည်းရုံးရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အလုံးစုံသိပြီး တတ်ပြီးသား။ငါ့တူတော်များ၊ နန်း တည်၍ပြည်နိုင်ငံထူထောင်ကြ။ သရေခေတ္တရာ နိုင်ငံတည်သတဲ့။ ဒီလိုနဲ့ အစ်ကိုနတ်ရွာစံတော့ ညီစူဠာသမ္ဘဝဘုရင်နန်းတက်။ သားတော်တစ်ပါး မွေးဖွား။ ဒွတ္တဘောင်မင်းတဲ့။
သရေခေတ္တရာ၊ ပြည်မြို့မှာ မြို့ကြီးပြကြီး၊ နိုင်ငံကြီးကိုစည်ကားသာယာအောင် ထူထောင် သွားတဲ့အလွန်ဘုန်းကြီးတဲ့မင်း။ တောင်တွင်းကြီး ဗိဿနိုးမြို့မှ ပန်ထွာဘုရင်မကို ပူးပေါင်းပြီး တိုင်းပြည်ကျယ်အောင်ထူထောင်နိုင်တယ်။ ပျူ ခေတ်မြန်မာနိုင်ငံအလယ်ပိုင်း လွန်ခဲ့တဲ့ရှေးကာလ နှစ်ပေါင်းတစ်ထောင်ကျော်က သမိုင်းပုံပြင်ပဲလေ။
သရေခေတ္တရာမြို့ဟောင်း/ ဗိဿနိုးမြို့ ဟောင်း ရှေးရှေးသောအနှစ်တစ်ထောင်၊ နှစ် ထောင်ဆီက နိုင်ငံစတင်ထူထောင်သူများဟာ မျက်မမြင်ကလေးငယ်စူဋ္ဌာသမ္ဘဝ/မဟာသမ္ဘဝ ညီနောင်မင်းသားနှစ်ပါးက အစတည်ခဲ့တယ်။ သမိုင်းပုံပြင်ဆိုသော်လည်း အမှန်ပါပဲ။ မှတ်တမ်း ပေ၊ ပုရပိုက်အထောက်အထားမရှိတော့ပေမယ့် လည်း ဘိုးဘွားမိဘလက်ဆင့်ကမ်းပြောပြခဲ့ကြ တဲ့ မြန်မာ့သမိုင်းပုံပြင်က ဖြစ်နိုင်ပါတယ်။ ယုတ္တိဗေဒ၊ စဉ်းစားစရာ၊ သင်ခန်းစာယူစရာတွေ ရပါတယ်။ မျက်စိမမြင်ခြင်းဟာ ကြီးမားတဲ့အား နည်းမှုတစ်ခုဖြစ်သော်လည်း ကုသ၊ ပျောက်ကင်း၊ ဖောင်ပေါ်မှာတင်အလင်းရ၊ သရေခေတ္တရာ၊ မင်း နေပြည်တော်ကြီးထူထောင်စည်းရုံးပြီး မင်းလုပ် အုပ်ချုပ်နိုင်ခဲ့တယ်။
မျက်မမြင်မှ ရှင်ဘုရင်ဖြစ်ခဲ့ကြတဲ့သမိုင်း မြန်မာ့ပုံပြင်၊ အထင်အရှား၊ အားငယ်စရာမရှိပါ။
ပညာတတ်အောင်သင်ကြ
ဗဟုသုတအကြား၊ အသိများအောင်ဆည်းပူး
အတတ်ပညာရအောင်လေ့ကျင့်

ပေါင်းသင်းဆက်ဆံရေးကောင်းပါစေ
ပြောတတ်ဆိုတတ်
ဝတ်တတ်စားတတ်၊ နေတတ်ထိုင်တတ်နဲ့
လူ့အရည်အသွေးပြည့်ဝမြင့်မားအောင်မိမိကိုယ် ကိုပြုပြင်ပျိုးထောင်ရင် တန်ဖိုးရှိတဲ့ဘဝပါပဲ။
စိတ်ကောင်းရှိဖို့က ပထမ
ကံသုံးပါးမှာ စိတ်ထားကအရင်းခံ။
''အစရှိသည်ဖြင့်ပေါ့ သူငယ်ချင်းရယ်''
''ဒါကတော့ အကျဉ်းချုပ်အနှစ်ချုပ်၊ မှတ်မိ နေအောင်ရေးထားတာပေါ့။ ဟောပြောပွဲမှာ လို အပ်သလို ချဲ့ပြောမယ်၊ ချုံ့ပြောမယ်။ သီချင်း လည်းဆိုပြဦးမယ်၊ ဟုတ်လား၊''
''ဟုတ်တယ်။ဟောပြောပွဲဆိုတာဇာတ်လမ်း၊ ပုံပြင်၊ အချက်အလက်၊ အချိတ်အဆက်၊ ရသ အနုပညာ၊ ဝတ္ထုတွေနဲ့ ဖျော်ဖြေတင်ဆက်မှုပဲ သူငယ်ချင်း။ သင်တန်းပေးတာ မဟုတ်ဘူး။ တရားဟောပြောတာမဟုတ်ဘူး။ နိုင်ငံရေးပါတီ မဲဆွယ်ပွဲ မဟုတ်ဘူး။ စာပေအနှစ်သာရကိုပဲ အဓိက အားပြုရပါတယ်။ ငိုအောင်ရယ်အောင် ဆွဲဆောင်ဖျော်ဖြေရတာပဲ''
''ကိုယ်ကတော့ သီချင်းဆိုတာလည်းကောင်း ရင်ကြိုက်ပါတယ်။ လက်ခံပါတယ်။ ကဗျာရွတ် တာလည်း သဘောကျပါတယ်။ စာကြောင်း ပေကြောင်း မပြောဘဲသူကြိုက်တဲ့ပါတီကို အမွှန်း တင်၊ သူအမြင်ကတ်တဲ့ပါတီကို ပုတ်ခတ်တိုက် ခိုက်။ တစ်ဖက်သက်ဝေဖန်တဲ့(တချို့လည်းစာရေး ဆရာမဟုတ်ပါ)ဟောပြောသူတွေကိုတော့ နားငြီး သွားပြီကွာ''
''စာရေးဆရာတွေ အများကြီးပဲကွာ။ ဟော ပြောပွဲဖိတ်တဲ့ရပ်ရွာခေါင်းဆောင်တွေက ကိုယ့်ရပ် ရွာအတွက် ကောင်းကျိုးရှိအောင် ဟောပြောပေး မယ့် သုတရသစာပေအကြောင်းဟောပြောမယ့် စာရေးဆရာမျိုးကို ခေါ်ပေါ့ကွယ်။ ပါတီမဲဆွယ် ပွဲပြောစေချင်တဲ့ရပ်ကွက်က ပါတီလော်ဘီလုပ် မယ့်လူကို ခေါ်မှာပဲလေ''
''မင်းကတော့ ဘယ်ပါတီမှလည်းမဝင်ဘူး။ နိုင်ငံရေးပါတီတွေအကြောင်းကို ကောင်းကြောင်း လည်း မပြောဘူး၊ မကောင်းကြောင်းလည်း မပြော ဘူးနော်''
''ကိုယ်ကစာရေးဆရာလေကွာ။စာပေရေးရာ ဦးစားပေးပြောမှာပဲ။ နိုင်ငံရေးလည်း ပြောပါ တယ်။ သူတစ်ပါးကို ထိပါးပုတ်ခတ်တာမျိုး တော့ မလုပ်ဘူး။ စာပေသမားဟာ ကျင့်ဝတ် လိုက်နာရတယ်။ ဘက်မလိုက်ရဘူး။ အမှန်တရား ဘက်ကရပ်တည်ရပါတယ်။ပြည်သူလူထုကောင်း ကျိုး၊ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ စာပေ၊ သာသနာ အကျိုးကိုဦးစားပေးရပါတယ်။ ဘယ်သူဘယ်ဝါ ပုဂ္ဂိုလ်ရေးမျက်နှာမလိုက်ရဘူး။ ချစ်ခြင်းမုန်းခြင်း အစွဲတွေ ကင်းရှင်းရပါမယ်''
''ကိုချစ်နိုင်ကပရိသတ်ကို အဓိကထားတယ် နော်''
''ပရိသတ်ကိုလေးစားရမယ်။မေတ္တာအပြည့် အဝထားရမယ်။ မတွေ့ခင်ကတည်းက မေတ္တာ ပို့သရမယ်။ ဟောပြောနေစဉ်မှာလည်းမေတ္တာ ညွှတ်ရမယ်။ မေတ္တာအရင်းခံနဲ့ ဟောပြောရမယ်။ ဒါကြောင့် ဟောပြောပွဲပေါင်းများလှပြီ။ အထစ် အငေါ့အဆင်မပြေတာရယ်လို့ တစ်ခါမှမဖြစ်ဖူး ဘူး''
''မေတ္တာဆောင်လို့ အောင်တာပဲ''
''အခု ပြင်ဦးလွင်သွားပြောမယ့် ဟောပြောပွဲ ကလည်း ကိုယ့်ရဲ့ကျေးဇူးရှင်ဆရာကြီး ချစ်စံဝင်း က ခေါ်လို့လိုက်တာ။ဥာဏ်ပူဇော်ခလုံးဝမယူဘူး။ပေးရင်လည်း ပေးသမျှအားလုံး ပရဟိတကျောင်း ကိုပဲ ပြန်လှူဒါန်းခဲ့မယ်ဆိုတာ ကြိုပြောပြီးသား။ ကားကြိုတာပို့တာကိုတော့သူတို့စေတနာအလျောက် စီစဉ်တာပဲ။ မန္တလေး-ရန်ကုန်လေယာဉ်အပြန်ခရီး ကိုယ့်စရိတ်နဲ့ကိုယ်ပြန်လာမှာပါ''
''ကိုချစ်နိုင်က ခရီးတွေသွားပြီးဟောပြောနေ ရတာကို ပျော်ရွှင်နေတဲ့ လူပဲကွာ''
''မသေခင် ကိုယ်လုပ်နိုင်တာ လုပ်ပေးသွားရ မှာပေါ့ကွာ။ နေခဲ့ရသမျှ အနန္တောအနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးပါပဲ။ တတ်နိုင်သမျှ ပြန်လည်ပေး ဆပ်နေရမယ်လေ''
''ဟိုတစ်နေ့က မအူပင်မြို့နယ် ထရော်စခန်း ကြီးဆိုတဲ့ရွာကို ဆရာကျော်ကျော်လှိုင်နဲ့သွားပြီး ဟောပြောခဲ့တာ တော်တော်ခရီးကြမ်းတယ်ဆို၊''
''၂၅-၃-၂ဝ၁၈ တနင်္ဂနွေနေ့ကထရော်စခန်း ကြီး အထက၊(၇)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ နဲ့တွဲပြီး ပထမအကြိမ် စာပေဟောပြောပွဲကွ။ ရန်ကုန်မှကားနဲ့ နှစ်နာရီကျော်သွား၊ စက်လှေနဲ့ နာရီဝက်စီး။ပြီးရင်ဆိုင်ကယ် ၁၅ မိနစ်စီးမှရောက် တယ်မောင်ရာ''
''ရေပတ်လည်ဝိုင်း၊မြစ်တွေအလယ်က သုံးခွ ကျွန်းတဲ့။ တိုးမြစ်၊ ဖျာပုံမြစ်၊ ပန်တပွတ်မြစ်ဝိုင်း ရံထားတာမို့ သွားရေးလာရေး အလွန်ခက်ခဲတဲ့ အရပ်ဒေသဆိုပဲ''
''ရောက်အောင်သွားခဲ့၊ဟောပြောခဲ့ပါတယ်''
''မင်းတို့ရဲ့စာပေဝါသနာကတော့ကွာ....''