images
UN
UN
ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်စိုးရိမ်ရ၍ ပျက်စီးနေသောတံတား အမြန်ပြင်ပေးစေလို
Tuesday, 24 April 2018
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်း၌ မိုးသက်လေပြင်း နှစ် ကြိမ်တိုက်ခတ်သောကြောင့် မြန်မာ့မီးရထား တိုင်း(၂)၊ အငယ်တန်းအင်ဂျင်နီယာ(၃)သံလမ်း တာဝန်ခံ ဦးထွန်းထွန်းဦး ဦးဆောင်သော ရထားသံလမ်းအလုပ်သမားအဖွဲ့သည် မိမိပိုင် နယ်မြေအတွင်းရှိ လမ်းနှင့်တံတားများ ခိုင်ခံ့မှု ရှိ/မရှိ လိုက်လံစစ်ဆေးရာ ယခုလ ၁၉ရက် မွန်းတည့် ၁၂ နာရီက ရွှေဘိုခရိုင် ခင်ဦးမြို့ နယ် သရက်ကန်ကျေးရွာ တောင်ဘက်အနီးရှိ မန္တလေး-မြစ်ကြီးနားမီးရထားလမ်း မိုင်တိုင် အမှတ်-(၄၆၁/၁၁) နှင့် (၄၆၁/၁၂) ကြားရှိ တံတားအမှတ် - ၁၃၁ သည် အောက်ခြေမှာ ရေတိုက်စားထားသောကြောင့် အုတ်ခုံများ ပျက်စီး၍ နှစ်လက်မကျော်ခန့် နိမ့်ကျနေ ကြောင်း တွေ့ရှိရသဖြင့် အချိန်မီရထားများ အရှိန်ဖြင့် မောင်းနှင်ခြင်းမပြုလုပ်ရန် သတိပေး အကြောင်းကြားပြီး ယာယီဖြတ်သန်းသွားလာ နိုင်ရန် ယခုလ ၂၂ရက်က ပြုပြင်ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားမှာ အရှည်ပေ ၂ဝ၊ အနက် ၁ဝ ပေခန့်ရှိပြီး မန္တလေး-မြစ်ကြီးနားရထား လမ်းဖောက်လုပ်စဉ်က ဆောက်လုပ်ထားသော တံတားဖြစ်ကြောင်း၊ တံတားအုတ်ခုံများမှာ ဆွေးမြည့်အက်ကွဲပျက်စီးနေသောကြောင့် ခရီး သွားပြည်သူများ အန္တရာယ်ကင်းစေရန် ယာယီ ပြုပြင်ထားကြောင်း မြန်မာ့မီးရထားတိုင်း(၂)၊ အငယ်တန်းအင်ဂျင်နီယာ(၃) သံလမ်းတာဝန်ခံ ဦးထွန်းထွန်းဦးက ပြောသည်။
ခရီးသွားပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေရန် ဆွေးမြည့်ပျက်စီးနေသော တံတားအား အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဒေသခံတောင်သူများထံမှ တောင်းဆိုခဲ့ကြောင်း သိရသည်။
စံ(ခင်ဦး)