images
UN
UN
အကောင်းဆုံးစာအုပ်များကို ရွေးဖတ်ပါ
မောင်ဉာဏ်စိန် Tuesday, 01 May 2018
စာရေးသူ၏ အသက်အရွယ်သည် အောက်တိုဘာလသို့ရောက်လျှင် ၇၅ နှစ် ပင်တင်းတင်းပြည့်သွားတော့မည်ဖြစ်သည်။ (၇၅)နှစ်ဟူသည်မှာ ငယ်ရွယ်သော အသက်အရွယ်မဟုတ်ပေ။ ၇၅ နှစ်အထိ အသက်ရှင်ခွင့်ရနေခြင်းသည်ပင် ကျေနပ် ဖွယ်တစ်ရပ်ဖြစ်ပေသည်။ ယနေ့မျှော်မှန်း ထားသော မြန်မာအမျိုးသားတို့၏ အသက်သည် ၆၁ ဒသမ ၂ ဖြစ်ပြီး မြန်မာအမျိုးသမီးတို့၏အသက်မှာ ၆၉ ဒသမ ၃ ဟုဆိုထားသည်။ ယင်းမျှော်မှန်း သက်တမ်း နှစ်ရပ်လုံးထက် ကျွန်တော်၏ အသက်သည်ပို၍ရှည်နေသဖြင့် ကျေနပ် ဖွယ်ရှိသည်ဟု ဆိုရပေမည်။
သို့ရာတွင် 'သေချင်ပြီလော'ဟု မေး လျှင် ကျွန်တော်မသေချင်သေးပါ။ 'သေ တာတစ်ခုမှလွဲလျှင် ဘယ်ဟာမှ နောက် မကျသင့်ဘူး'ဟူသော ဆိုစကားတစ်ခု ရှိပေသည်။ 'သေတာကတော့ နောက်ကျ နိုင်လေကောင်းလေ'ဟုဆိုခြင်း ဖြစ်ပေ သည်။ ပညာရှင်ကြီး အိုင်းစတိုင်းက လည်း 'သေတယ်ဆိုတာ လူ့ဘဝမှာ နောက်ဆုံးလုပ်ရမယ့်အလုပ်တစ်ခုပါပဲ' ဟု ပြောဆိုခဲ့ဖူးသည်။ နောက်ဆုံးလုပ် ရမည့် အလုပ်တစ်ခုဖြစ်သော်လည်း 'ဝေးလေ၊ ကြာနိုင်လေ၊ ကောင်းလေ'ဟု ဆိုကြရမည်ဖြစ်သည်။
လူအမျိုးမျိုးတွင် ဝါသနာအမျိုးမျိုးရှိ ကြပေသည်။ တချို့က အားကစားကိုဝါ သနာပါကြသည်။ ကိုယ်လက်ကြံ့ခိုင်ဖို့ ကြိုးစားကြသည်။ တချို့က အနုပညာကို ဝါသနာပါကြသည်။ ဆို၊ က၊ ရေး၊ တီး တစ်ခုခုကို သေသည်အထိ စွဲစွဲမြဲမြဲဖက် တွယ်၍သွားကြသည်။ ဤပညာရပ်တွင် နိုင်ငံကျော်ရုံမျှမကကမ္ဘာကအသိအမှတ်ပြု သောပုဂ္ဂိုလ်များအထိ ဖြစ်သွားကြသည်။
စာရေးသူကား ယင်းဝါသနာနှစ်ရပ် လုံးကို စိတ်မဝင်စားခဲ့၊ ပါရမီမရှိခဲ့ချေ။ စာရေးသူဝါသနာပါသည်မှာ'စာဖတ်ခြင်း' ဟူသော အလုပ်ဖြစ်ပေသည်။ နံနက်မိုး လင်း၍ မျက်နှာသစ်ပြီးသည်နှင့် စာအုပ် ကလေးတစ်အုပ်ကို ဖတ်လိုက်ချင်သည်။ စာဖတ်ခြင်း၏ ရသတစ်မျိုးမျိုးကို ခံစား လိုက်ချင်သည်။ ညကျလျှင် ၁၁ နာရီ အထိစာဖတ်သည်။ စာဖတ်ရင်း အိပ်ပျော် သွားသည့်အရသာကို ကျေနပ်နှစ်သိမ့်နေ မိသည်။





ဤသို့ဖြင့် ငယ်စဉ်ကျောင်းသားဘဝ မှ အသက် ၇ဝနီးသည်အထိ စာအမျိုးမျိုး ကို ဖတ်ခဲ့သည်။ ဘာသာရေးစာပေများ၊ နိုင်ငံရေးစာပေများမှအစ ရသစာပေအမျိုး မျိုးအလယ်၊ သတင်းစာ၊ဂျာနယ်၊ မဂ္ဂဇင်း များအဆုံး အားလုံးကိုနေ့စဉ်မပျက်မကွက် ဖတ်ရှုခဲ့သည်။ ထမင်းမေ့၊ ဟင်းမေ့ပင် ဖတ်ရှုခဲ့သည်။ ငယ်စဉ်အခါကဆိုလျှင် ပေါ်ပြူလာကာတွန်း၊ မော်ဒန်ကာတွန်း၊ ဘားမားစတားတို့အထိ စွဲစွဲလမ်းလမ်း ဖတ်ရှုခဲ့ပေသည်။ စာပေသည် စာရေးသူ၏ ချစ်စရာအကောင်းဆုံး မိတ်ဆွေပင်ဖြစ် သည်။ စာအုပ်တစ်အုပ်ကို ဖတ်လိုက် ကြိုက်နှစ်သက်သော စာပိုဒ်ကလေးများ ကို အလွတ်ကျက်လိုက်၊ အရေးကြီးသော စာပိုဒ်များကို ခဲတံနီပြာတို့ဖြင့် မျဉ်းသား လိုက်တို့မှာ စာရေးသူ၏အလေ့အကျင့် တို့ပင် ဖြစ်ပေသည်။
သို့ရာတွင် လွန်ခဲ့သောခုနစ်နှစ်မှစ၍ စာရေးသူ၏မျက်လုံးများသည် ချို့ယွင်း ပျက်စီးလာသည်။ အမြင်အား ချို့တဲ့လာ သည်။ အသက် ၂၄ နှစ် အရွယ်ခန့်မှစ၍ မျက်မှန်တပ်ခဲ့ရသော စာရေးသူသည် လွန်ခဲ့သော ခုနစ်နှစ်ခန့်တွင် မျက်လုံး နှစ်ဖက်လုံး၌ အတွင်းတိမ်ရှိလာခဲ့သည်။ ဆရာဝန်ပြပြီး အမေရိကန်ဗွီးရှင်းတွင် ခွဲ စိတ်ခဲ့ရသည်။ မျက်လုံးနှစ်လုံးကို ခွဲစိတ် ပြီးသောအခါ အမြင်ဓာတ်ပို၍ ကောင်း လာသည်။ ပုံမှန်စာများကို ဖတ်လာနိုင် သည်။ စာရေးသူ၏အလုပ်သည် သတင်း စာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာများရေး သားရသောအလုပ်ဖြစ်၍ စာဖတ်ခြင်း၌ ပျက်ကွက်၍မရပေ။ သို့သော် ဆင်ဆင် ခြင်ခြင်တော့ ဖတ်ရသည်။ ငယ်စဉ်ကကဲ့ သို့ မိုးလင်းမိုးချုပ်၊ တကုတ်ကုတ်ဖြင့် စာကို မဖတ်နိုင်တော့ပေ။ ဝါသနာ အလျောက် စာအုပ်ဆိုင်ရောက်လျှင် စာအုပ်များကိုဝယ်ခဲ့လေ့ရှိသည်။ သို့သော် ငယ်ရွယ်စဉ်ကကဲ့သို့ ''ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါး''သည့်သဖွယ် ကျေညက် အောင် မဖတ်နိုင်တော့ပေ။ ဇရာ၏ဒုက္ခ သည် စတင်လာပြီဖြစ်ပေသည်။
လွန်ခဲ့သော သုံးနှစ်ခန့်ကမူ စာရေး သူ၏ မျက်လုံးများသည် အခြေအနေ ဆိုး လာပြန်သည်။ စာများကိုဖတ်နေရင်းဖတ် နေရင်းဖြင့် မှုန်ဝါးလာသည်။ ဆောင်း ရာသီတွင် နှင်းမှုန်များကျနေသည့်သဖွယ် ပတ်ဝန်းကျင်ကို စမ်းတဝါးဝါးဖြစ်လာ သည်။ နီးကပ်လျက်နှင့် မမြင်ရသည့် ဘဝသို့ ရောက်ရှိလာသည်။ ပုံနှိပ်စာလုံး အသေးများမြင်လျှင် ပို၍ ဖတ်၍မရဖြစ် တော့သည်။ စာဖြင့် အသက်မွေးဝမ်း ကျောင်းပြုသောသူသည် စာဖတ်၍မရ တော့ဟုဆိုလျှင် သူ၏ဘဝသည် 'ရှင် လျက်နှင့်သေနေပြီ' ဖြစ်ပေသည်။ အဖော် မဲ့နေပြီဖြစ်ပြီး အချိန်များသည် အချည်း နှီးဖြစ်ရတော့သည်။
ဒုတိယအကြိမ် အမေရိကန်ဗွီးရှင်း ကို သွားပြရပြန်သည်။ ''အန်ကယ့်မျက် လုံးနှစ်ဖက်လုံး၊ ရေတိမ်စွဲနေပြီ'' ဆရာ ဝန်၏ မှတ်ချက်ဖြစ်သည်။ ''ရေတိမ်စွဲ လျှင် လုံးလုံးကွယ်သွားတတ်တယ်''။ မိတ်ဆွေသင်္ဂဟအများ၏ မှတ်ချက်ဖြစ် သည်။ အဘယ့်ကြောင့်မသိ။ စာရေးသူ ၏ ရေတိမ်ကို ဆရာဝန်က ခွဲစိတ်ရန် လည်းအကြံမပေး။ လေဆာနှင့်ပစ်ခြင်း လည်းမပြု။BRIMOL ခေါ် မျက်စဉ်း နှင့် Azopt ခေါ် မျက်စဉ်းတို့ဖြင့် မျက် စဉ်းခတ်ပေးရန်သာအကြံပြုသည်။ ဆရာ ဝန်အကြံပြုသည့်အတိုင်း စာရေးသူသည် လိုက်နာနေရပေသည်။ Azopt မျက်စဉ်း က တစ်ပုလင်းကို ငွေကျပ် ၃ဝဝဝဝ ခန့်ကျပေသည်။ပုလင်းအရွယ်မှာ လက်မ ခန့်သာရှိပေသည်။ မျက်မှန်တစ်ခါလဲ လျှင်လည်း ငွေကျပ်တစ်သိန်းအောက် မလျော့ပေ။ ဆရာဝန်က ခြောက်လ တစ်ကြိမ် မျက်စိကိုစမ်းသပ်ရန်၊ လိုအပ် ပါက မျက်မှန်လဲရန် အကြံပြုလေ့ရှိ သည်။ စာရေးသူသည် (၇၅)နှစ်အရွယ် ပင်စင်စားတစ်ယောက်ဖြစ်သည်။ ပင်စင် နာ(PENSIONER)၏ဒုက္ခဝေဒနာ၊ ဇရာ အို၏ဒုက္ခကား မသေးငယ်လှပေ။ အခြား သော ဆီးကျိတ်ဝေဒနာ၊အစာအိမ်ဝေဒနာ၊ ဦးနှောက်အာရုံကြောဝေဒနာတို့ကို ကုသ ရန်လည်း လိုအပ်နေပေသေးသည်။
ဝေဒနာပေါင်းစုံ အနာမျိုး ၉၆ ပါး ဝိုင်းရံထားခြင်းခံနေရသည့် ဇရာအို၏ ဘဝတွင် စာဖတ်ရန် အခက်အခဲကြုံတွေ့ နေရခြင်းသည် စိတ်အားအငယ်ဆုံးပင် ဖြစ်သည်။ ခေတ်ပေါ် စာကောင်းပေ ကောင်းများကို စာရေးသူသည် လက် လွတ်ဆုံးရှုံးရပေတော့မည်။
စာရေးသူ၏စာအုပ်စင်တွင် ''ဦးပဂျီ ငို(တိုးတက်ရေးဦးစိန်)၊ ရာပြည့်ဂုဏ်ပြု မော်ကွန်း''ဟူသော စာအုပ်တစ်အုပ် ရှိ နေပေသည်။ လွန်ခဲ့သော ၁၉ နှစ်ခန့်က အတိအကျဆိုရလျှင် ၁၂-၁၁-၁၉၉၉ က ဝယ်ယူခဲ့သော စာအုပ်ဖြစ်သည်။ ၄င်းစာအုပ်ကိုဆွဲယူပြီး စာမျက်နှာ ၄ ကို ကြည့်ရှုလိုက်ရာ ''တိုးတက်လိုသူသည် စာအုပ်ကောင်းကို မဖတ်ရ''ဟူသော ခေါင်းစဉ်တစ်ခုကို တွေ့လိုက်ရသည်။ ၈-၁၂-၁၉၃၅ ရက်စွဲဖြင့် ဆရာကြီး ဦးပဂျီငို၏သြဝါဒဖြစ်သည်။မူရင်းအတိုင်း အောက်တွင် ဖော်ပြလိုက်ရပေသည်-
''တိုးတက်ကြီးပွားလိုသူတို့၏ အချိန် သည် လူသာမန်တို့၏ အချိန်ထက် ထူးကဲ ပိုမိုအဖိုးထိုက်တန်၏။ ယခု အခါ ပေါ်ထွက်နေသော စာအုပ်များ မှာ အများအားဖြင့်ကောင်းသည်သာ ဖြစ်၏။ ထိုကောင်းသည်ဆိုသော စာအုပ်တို့ကို ကုန်စင်အောင်ဖတ်ရန် အချိန်မရှိ။ ထို့ကြောင့် ကောင်းသည် ဆိုသောစာအုပ်တိုင်းကို မဖတ်အပ်။ မိမိလုပ်ငန်းအတွက် စာအုပ်ကောင်း များမှ အကောင်းဆုံးကိုသာ ရွေး၍ ဖတ်ရမည်။''
ယင်းစာပိုဒ်မှာ ဆရာကြီးဦးပဂျီငိုခေါ် တိုးတက်ရေးဦးစိန်၏ တိုးတက်ရေးလက် စွဲမှ ကောက်နုတ်ဖော်ပြချက် ဖြစ်ပေ သည်။ တိုးတက်ရေးလက်စွဲစာအုပ်မှာ စာရေးဆရာကြီးပီမိုးနင်း၊ ဆရာကြီး ဦးပဂျီငို(တိုးတက်ရေးဦးစိန်)နှင့်ဆရာကြီး ဒဂုန်နတ်ရှင်တို့ သုံးယောက်ပေါင်း ရေး သော စာအုပ်ဖြစ်သည်။ ယင်းစာအုပ် ပါ ဆောင်းပါးပေါင်း ၂၂ပုဒ်တွင် ဦးပဂျီငို က ၁၂ ပုဒ် ရေးခဲ့သည်ဟု ဆိုသည်။
အထက်ဖော်ပြပါ ''တိုးတက်လိုသူ သည် စာအုပ်ကောင်းကိုမဖတ်ရ''ဟူ သောစာပိုဒ်ကို ဖတ်ရှုပြီး ဇရာအိုဘဝသို့ ရောက်နေသော စာရေးသူ၏ဘဝ၊ စာရေး သူ၏ဒုက္ခတို့ကို ပြန်လည်စဉ်းစားသုံးသပ် မိသည်။ မျက်စိတွင် ရေတိမ်စွဲနေသော အသက် ၇၅ နှစ်အရွယ်ရှိ စာရေးသူသည် စာအုပ်ကောင်းများကိုသံယောဇဉ်ဖြစ်နေရန် အချိန်မဟုတ်တော့ပေ။ နောက်ဆုံးတစ်နေ့ တွင်ပင် အသက်ကိုပင် ဆုံးရှုံးခံရပြီး လူ့ ဘဝကိုပင်နှုတ်ဆက်ထွက်ခွာရမည့်သူဖြစ် ၍ စာအုပ်ကောင်းများကိုလည်း သံယောဇဉ် ဖြတ်ရမည်သာ ဖြစ်ပေသည်။
စာရေးသူသည် ''ဇရာအို၏ဒုက္ခ'' အမျိုးမျိုးကိုကြုံတွေ့နေရချိန်၌ စာအုပ် ကောင်းများကို မဖတ်တော့ဘဲ အကောင်း ဆုံးစာအုပ်များ၊အကောင်းဆုံးစာများကို သာရွေး၍ဖတ်ရန် ဆုံးဖြတ်ချက်ချလိုက်ရ တော့သည်။

ဓာတ်ပုံ-အင်တာနက်