images
UN
UN
မြန်မာ့သမိုင်းကြောင်းပေါ်က ယောအတွင်းဝန် ဦးဘိုးလှိုင်
မောင်မောင်မိုးအောင် Wednesday, 09 May 2018
ယောအတွင်းဝန်ဦးဘိုးလှိုင်ကို မြန်မာ့ သမိုင်းတွင်မသိသူမရှိသလောက်ထင်ရှား ကျော်ကြားသူဖြစ်သည်။ ပြည်ဆရာတော် က ဦးဘိုးလှိုင်ကို မင်းတုန်းမင်းခေတ်၌ မောင်ဘိုးလှိုင်မှာ မဟော်သဓာကဲ့သို့ ဖြစ်သည်။ မင်းတုန်းမင်းကား ဝိဒေဟ ရာဇ်မင်းကြီးနှင့်တူ၏။ မြောက်နန်းမိဖုရား ကား ဥဒုမ္ဗရဒေဝီနှင့်တူ၏ဟု မိန့်တော် မူ၏။
ဤကမ္ဘာ၌ စွယ်စုံ၊ ဘက်စုံပုဂ္ဂိုလ် ထူးကြီးများပေါ်ခဲ့ရာ ဥရောပတိုက်၌ ဘဝသစ်ခေတ် ( RENAISSANCE PERIOD) အတွင်းက ပေါ်ပေါက်ခဲ့သော အီတလီမှ MICHAEL ANGELO (အိန် ဂျလို)နှင့်LEONARDO DA VINCHI) (ဒါဗင်ချီ) ကဲ့သို့သော သုခမိန်အဆင့် အတန်း၌ ဦးဘိုးလှိုင် ပါဝင်ပေသည်။ ထိုပုဂ္ဂိုလ်ကြီးများသည် အနုပညာ၌ ကျွမ်းကျင်ရုံသာမက သိပ္ပံဘက်၌လည်း စွမ်းအင်ထက်မြက်သည်။
ဦးဘိုးလှိုင်ပြုစုသော ကျမ်းတို့တွင် (၁) ကြေးနန်းရိုက်နည်း၊ (၂) ဗေဒင်တွက် နည်း၊ (၃) ဆေးဖော်နည်း၊ (၄) မြင်းမွေး နည်း၊ (၅) ဓာတ်ကျမ်း၊ (၆) ကမ္မဋ္ဌာန်း ရှုနည်း၊ (၇) ကဗျာစပ်နည်း၊ (၈) တိုင်း ပြည်အုပ်ချုပ်နည်း စသည်ဖြင့် သူတစ်ဦး တည်းနှင့် တက္ကသိုလ်ကျောင်းတစ်ခု ထူ ထောင်နိုင်အောင် တတ်ကျွမ်းနေ၏။
ကနောင်မင်းသည် မန္တလေးမြို့၌ ဆရာမှတ်ကြီး၏ အင်္ဂလိပ်ကျောင်း၌ စာသင်ဖူး၏။ ဘာမဆို လက်တွေ့ကို နှစ်သက်သူဖြစ်သည်။ ဦးဘိုးလှိုင်ကား နန်းတွင်းပုဏ္ဏားများနှင့် ကုလားအနှိပ် သည်များထံမှ အိန္ဒိယဘာသာရပ်များ လေ့လာသည်မှာ စာအုပ်များကို ဘာသာ ပြန်ဆိုနိုင်သည်အထိ တတ်မြောက်လေ သည်။ မြန်မာပညာတော်သင်များမှတစ် ဆင့်လည်း ဥရောပကျမ်းများကို လေ့လာ ၏။ ပြင်သစ်ပြန် ဖန်ချက်ဝန်မောင်ရွှေအိုး မှာ ဦးဘိုးလှိုင်၏ တပည့်ဖြစ်၏။ ဓာတု ဗေဒကျမ်းများကို ဖန်ချက်ဝန်က ဘာသာ ပြန်ပေးရာမှ ဦးဘိုးလှိုင်က လောကဓာတ် ဆေးကျမ်းကို ရေး၏။ ဦးဘိုးလှိုင်ရေး သော လိပိဒိပိကာကျမ်းခေါ် ကြေးနန်း ရိုက်နည်းကျမ်းမှာ မှတ်ဖွယ်ကောင်းလှ၍ အင်္ဂလိပ်သံအရာရှိမက်မာဟွန် MCMA HON က မြန်မာဘာသာမှ အင်္ဂလိပ်လို ပြန်ကာ ဘိလပ်သို့ပို့သည်။
ဤသို့ ကျမ်းမျိုးစုံ ပြုစုခြင်းဖြင့် အစွမ်းကုန်ပြီဟု မမှတ်ယူထိုက်ချေ။ မန္တလေးမြို့၌ မင်းတုန်းမင်း၏နောက်ဆုံး ကောင်းမှုဖြစ်သော အတုမရှိကျောင်းကြီး ကို ကြီးကြပ်တည်ဆောက်သူမှာလည်း ဦးဘိုးလှိုင်ပင်ဖြစ်သည်။ သူ၏ သီးခြား ကောင်းမှုအဖြစ်မန္တလေးတောင်၏အနောက် ဘက်၌ ယခုတိုင်ရှိနေသော (ယောမင်း ကြီးအုတ်ကျောင်း)မှာလည်း သူ့လက်ရာ ပင်ဖြစ်သည်။
ဦးဘိုးလှိုင်သည် ၁၁၉၁ခု တန်ခူးလ ဆုတ် ၁ဝ ရက် သောကြာနေ့တွင်မြင်းခြံ နယ် ရွာပုလဲ၌ဖွား၏။ ဖခင်မှာ ယင်း တောမင်းကြီးဦးတုတ်(ရေနံချောင်းမြို့စား) ဖြစ်လျက် မိခင်မှာ ဒေါ်ငြိမ်း(ခေါ်)မွန် အမျိုးသမီးဖြစ်၏။ဦးဘိုးလှိုင်က မိမိသည် ကုဝေရနတ်ကြီးကဲ့သို့ မှူးမတ်မျိုးရိုး အနေဖြင့် ဘိုးစဉ်ဘောင်ဆက်ထီးနန်းကို စောင့်ရှောက်ခဲ့သည်ဟုဂုဏ်ယူလေ့ရှိသည်။
အဘိုးဦးတောမှာဘိုးတော်မင်းတရား ၏ လက်ဝဲဝင်းမှူးဖြစ်၏။ ရွှေပြည်ဝန် လည်းဖြစ်၏။ ဖခင်ဦးတုတ်မှာ ဘကြီး တော်မင်းလက်ထက်၌ စစ်သူကြီးဖြစ်၏။ သာယာဝတီမင်းနှင့်အတူ ဦးတုတ်သည် ရွှေဘိုသို့ လိုက်ပါခဲ့၏။ ထို့နောက် ဦးတုတ်ကို ၁၂ဝ၃ ခုနှစ်၌ ဟံသာဝတီသို့ ကြိုတင်သွားရောက်ကာ ရှင်ဘုရင်၏ရှေ့ တော်ပြေးအဖြစ် အစစအရာရာစီစဉ်စေ သည်။ မင်းတုန်းမင်းလက်ထက်၌ ဦးဘိုး လှိုင်သည် ရွှေပြည်ဝန်ဖြစ်လာသဖြင့် (ဘမျိုးဘိုးတူ)ဆိုသကဲ့သို့ အဘိုးရော၊ အဖေရော၊ သားရော ကြုံခဲနိုင်လှသော ရာထူးကြီးတို့ကို ရှေ့ဆင့်နောက်ဆင့် ဆက်ခံခဲ့ကြသည်။
ဦးဘိုးလှိုင်ကား မင်းတုန်းနှင့်သီပေါ ခေတ်ကို လွှမ်းမိုးသော ပြုပြင်ရေးခေါင်း ဆောင်ကြီးဖြစ်လာ၏။ ကနောင်မင်းနှင့် အတူ မြန်မာပြည်ကို ခေတ်မီစက်မှုလက် မှုနိုင်ငံအဖြစ် ပြောင်းလဲရန် အခြေချခဲ့ သည်။ ကင်းဝန်မင်းကြီးနှင့်အတူသက်ဦး ဆံပိုင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီဘောင် အတွင်း ဘုရင်စနစ်ကို မြွေမသေတုတ် မကျိုး ကူးပြောင်းရန် စီစဉ်ခဲ့သည်။ ဤ သို့သော တော်လှန်ရေးခေါင်းဆောင်သည် အန္တရာယ်တွေ့ရမည်မှာ သေချာ၏။ မင်းတုန်းမင်းလက်ထက်၌ မကြာခဏ ရာထူးပြုတ်ခဲ့ရာမှ သီပေါခေတ်တွင်အပြီး အပိုင်နုတ်ထွက်ခဲ့ရလေသည်။ သက်ဦး ဆံပိုင်လက်ထက်၌အသက်မသေနေနိုင် ခဲ့သည်ပင် သူ၏ဂုဏ်ဒြပ်ကြီးမားမှုကို သက်သေခံလျက်ရှိပေသည်။






ဖခင်ယင်းတောဝန်ကြီးမှာ သာယာ ဝတီမင်းအပေါ် သစ္စာအပြည့်ရှိခဲ့၏။ သို့ သော် နန်းရံမင်းသားအဖြစ်ပြည်မင်းသား ကို ပုဂံမင်းသားထက် လိုလားခဲ့သည်။ ပြည်မင်းသားမှာ သိက္ခာကောင်းမွန်တည် ကြည်လျက် ပုဂံမင်းသားမှာ ချိုး၊ ခါ၊ ကြက်၊ငှက်တိုက်ပွဲများ၌ ဝါသနာထုံ၏။ မှူးကြီးမတ်ကြီးအများပင် ပြည်မင်းသား ကို လိုလားကြရာတွင် ပုဂံမင်းသားအုပ်စု က စိတ်မတည်ငြိမ်သောဘုရင်ကို ကုန်း ချောကြသဖြင့် ယင်းတောဝန်ကြီးကျဆုံး ရလေသည်။
ထိုအချိန်၌ မိခင်ဒေါ်ငြိမ်းကအသက် ၁၇ နှစ်အရွယ် သားမောင်ဘိုးလှိုင်ကို မင်းတုန်းမင်းထံအပ်နှံလေသည်။မင်းတုန်း မင်းသားကပြည်ဆရာတော်ထံသာမဏေ ပြုစေရာမှဗားကရာဆရာတော်နှင့် မဲထီး ဆရာတော်များထံ၌လည်း ပညာဆည်းပူး ခဲ့သည်။
၁၂၁၄ ခုနှစ်တွင် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့ ရွှေဘိုထွက်ကာ နောင်တော်ပုဂံမင်းကို တော်လှန်ရာတွင် စကြာဒေဝီ၏ တိုက်တွန်းချက်အရ မောင် ဘိုးလှိုင်သည် ရှင်လူထွက်ကာ လိုက်ပါ သွားလေသည်။လူမထွက်မီမဲထီးကျောင်း အတွင်း၌ သူ့ကိုပုဂံမင်း၏ပါးကွက်သား များက လိုက်ရှာရာ သိမ်ကျောင်းအတွင်း ပဋ္ဌာန်းတရားများရွတ်ဆိုနေသဖြင့် ရှာ မတွေ့ဖြစ်ကြသည်ဆို၏။
မောင်ဘိုးလှိုင်သည် ဝါးရင်းတုတ်ရွာ တွင် မင်းတုန်း၊ ကနောင်မင်းသားတို့နှင့် ဆုံမိ၏။ ကနောင်မင်းသားက ရှမ်းပြည် သို့သွားလို၏။ ငမြောရွာသူကြီးမောင် တုတ်ကမူ နောက်တော်ပါများသည် (ချိုး သားတစ်ဝက်၊ လူသားတစ်ဝက်)ဖြစ်နေ ၍ ကသည်းပြည်အထိ ချီတက်စေလို သည်။ မောင်ဘိုးလှိုင်ကမူ ရွှေဘိုမြို့ဝန် ကို လူကြိုက်နည်းနေချိန်ဖြစ်၍ ထိုမြို့ကို အလွယ်တကူရနိုင်ကြောင်းနှင့် ရွှေဘို အောင်မြေကို အခြေပြုသင့်ကြောင်း တင် လျှောက်၏။ ရေနံချောင်းမောင်စိုက ထောက်ခံ၏။ မင်းတုန်းမင်းက မောင် ဘိုးလှိုင်၏အကြံပေးချက်ကို လက်ခံ၏။
မောင်ဘိုးလှိုင်သည် ကနောင်မင်း သားကိုလည်း တောင်ပြုံးမင်းညီနောင် နတ်ကွန်းသို့ခေါ်ဆောင်သွား၏။ (ကောင်း စားလျှင်မမေ့ပါ)ဟု မင်းညီနောင်ကို ကတိပြု၏။ နေဝင်ချိန်တွင် ပိုးပုဆိုးနှင့် ဆင်ဖြူစီးကာမောင်ဘိုးလှိုင်တို့ကို လိုက်ပို့ သည်။ မင်းတုန်းမင်းနန်းတက်သည်မှစ၍ တောင်ပြုံးပွဲနှစ်စဉ်ကျင်းပခဲ့သည်။
ဖခင် ယင်းတောဝန်ကြီးမှာ ဘကြီး တော် စစ်ကိုင်းမင်းလက်ထက်၌ သူကြီး ဖြစ်ခဲ့၍ တပည့်ဆွေမျိုးအင်အားကောင်း သည်။ ထိုအင်အားစုနှင့် ကျောက်မြောင်း တွင် ပေါင်းဆုံမိကာ တိုက်ပွဲများ၌ စတင် အနိုင်ရရှိလေသည်။ ထို့ကြောင့် မောင် လှိုင်၏ဥာဏဗလသာမက မိတ္တဗလများ ပါဝင်သောပွဲဦးထွက်တော်လှန်ရေး ဖြစ် လေသည်။
၁၂၁၄ ခုနှစ် ပြာသိုလဆန်း(၈)ရက် နေ့က စတင်ခဲ့သော မင်းတုန်းမင်း၏ တော်လှန်ရေးသည် ငါးလအကြာ ၁၂၁၅ ခုနှစ် နယုန်လဆန်း ၁၂ရက်၌ အလိုတော် ပြည့်လေသည်။
မင်းတုန်းမင်းသည် ရွှေဘိုမြို့သို့ စကြာဒေဝီကိုခေါ်ဆောင်ကာ တောင် ညာစံဒေဝီ တင်မြှောက်၏။ ညီတော် ကနောင်မင်းကိုလည်း ရွှေဘို၌ပင် လှိုင် ထိပ်ခေါင်တင်နှင့် ထိမ်းမြားကာ အိမ် ရှေ့နှင်း၏။ နောင်တော် ပုဂံမင်းကိုနန်းချ ပြီးနောက် သူ၏ မယ်တော်ကျပင်းမိဖုရား ကြီး၏ တောင်းပန်ချက်အရ ဒဏ်မခတ် ဘဲ ကောင်းစွာနေထိုင်ခွင့်ပြုသည်။
မောင်ဘိုးလှိုင်ကို ဘုရင်နှင့် မိဖုရား ခေါင်တို့၏ မွေးစားသားအဖြစ် မင်းသား အဆောင်အယောင်နှင့်ယောမြို့စားခန့်အပ် လေသည်။ မင်းတုန်းမင်းက အမရပူရ မြို့တော်သို့ မပြန်လိုချေ။ မင်းဖြစ်ပြီး နှစ်နှစ်ကြာမှ ပြန်လာ၏။ ကနောင်မင်း နှင့် မောင်ဘိုးလှိုင်တို့ကိုသာ အုပ်ချုပ်ရေး တာဝန်များကို နေပြည်တော်၌ ဆောင် ရွက်စေ၏။
မင်းတုန်းမင်းအနေဖြင့် မန်းတောင် ရိပ်ခိုချင်၏။မန္တလေးသို့ မပြတ်လာတော် မူသည်။ မန္တလေးဆိပ်ကမ်းအထက် နှစ်မိုင်ခန့်အကွာရှိ အရက်သိမ်နေရာသို့ သွားရောက်ကာ မြို့တော်သစ်ဖန်တီးရေး စတင်တော်မူသည်။
၁၂၁၅ ခုနှစ်တွင် မောင်ဘိုးလှိုင်(၂၄ နှစ်)အား မကွေးမင်းသမီးကြီး ခင်ဖြူနှင့် ဘုရင်၏အလိုတော်အရ လက်ထပ်စေ သည်။ ခင်ဖြူအနေဖြင့် အမေးတော်ခံ ကတော်ကြီးလေးပါးတွင် အပါအဝင်ဖြစ် လာ၏။ အဝဈေးချိုတော်၏ အခွန်တော် ကို စားရ၏။ မကွေးမင်းကြီး ဦးကြာဥ သည် မင်းတုန်းခေတ်၌ ပခန်းမင်းကြီး ကဲ့သို့ ထိပ်တန်းဝန်ကြီးဖြစ်၏။ သူနှင့် ပတ်သက်၍ (ကွေးကိုလုံအောင်တိုင်) ဟူသော နန်းတွင်းစကားပုံတစ်ခု ပေါ်ခဲ့ သည်။ သာယာဝတီမင်း ရူးသွပ်သော အခါ ထိန်းသိမ်းချုပ်ကိုင်သူများတွင် ဦးကြာဥကထိပ်မှပါဝင်ခဲ့သည်။
ပုဂံမင်းကိုနန်းချရာ၌လည်း ဦးကြာဥ က အမရပူရမြို့တွင်းမှဖန်တီးပေးခဲ့သည်။ ထို့ကြောင့် ဤမကွေးဝန်ကြီးကို မေ့လျော့ ၍မဖြစ်။ သူ့ကို ဂရုတစိုက်ထားရှိနိုင်မှ ကိုယ်ကျိုးနည်းခြင်းမှ လွတ်ကင်းမည်ဟု အဓိပ္ပာယ်ရလေသည်။
ထိုခေတ်က(တိုင်ကပ်လျှင်ကင်းကိုက် မည်)ဆိုသော စကားပုံမျိုးဖြစ်သည်။ တိုင်းတားမင်းကြီးနှင့် ကင်းဝန်မင်းကြီးမှာ တစ်အုပ်စုစီဖြစ်၍ တစ်ဦးကိုကပ်လျှင် တစ်ဦးက အန္တရာယ်ပြုဖွယ်ရှိ၏။ ပုဂံမင်း လက်ထက်ကစတင်ခဲ့သော ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် ၁၂၁၇ ခုနှစ် မှမင်းတုန်းမင်းရှေ့တော်တွင် စေ့စပ်ပြီးစီး သည်။ အင်္ဂလိပ်တို့က ပဲခူးနယ်ကို သိမ်း ပိုက်မည်ဟု ကြေညာခဲ့ပြီးနောက် ပဲခူး အထက်မိုင် ၁ဝဝ ကျော်တွင် နယ်နိမိတ် သတ်မှတ်သည်။မင်းဘူးမြို့နယ်တွင် မင်း တုန်းမင်း၏ကံကျွေးဖြစ်သော မင်းတုန်း မြို့ကလေးကို ချန်လှပ်သတ်မှတ်ရန် မင်းတုန်းမင်းကများစွာလိုလားလေသည်။ သို့သော် မိုင် ၁ဝဝ ကျော်ပို ယူခြင်းကို မြန်မာက အသိအမှတ်ပြုကာ လက်မှတ် ရေးထိုးမှသာလျှင် မင်းတုန်းမြို့ကို ပေး နိုင်မည်ဟု အကျပ်ကိုင်လေသည်။ သို့နှင့် လက်မှတ်မထိုးဖြစ်ဘဲသံသရာရှည်ခဲ့သည်။
ဦးဘိုးလှိုင်သည် ကုလားဝန် သို့ မဟုတ် နိုင်ငံခြားရေးဝန်အဖြစ် ဆောင် ရွက်ရာတွင် အမေးအမြန်းထူထပ်သည် ဟု နာမည်ရခဲ့၏။ သူက ဗဟုသုတ လိုလား၍လည်းကောင်း၊ စူးစမ်းသော အလေ့ရှိ၍လည်းကောင်း မေးခွန်းထုတ် သည်ကို ကြိုက်သူမကြိုက်သူများရှိခဲ့၏။ အင်္ဂလိပ်အရာရှိ ဝှီးလားWheeler ကမူ ကြိုက်၍ ဦးဘိုးလှိုင်နှင့်ရှည်လျားစွာ ဆွေးနွေးကြ၏။ အမေရိကန်ခရီးသည်VINCENT ဗင်းစင့်ကမူနှိုက်လွန်း သည် ထင်၏။ ဗင်းစင့်က သူနှင့်စကားပြောသူ မှာ အနောက်နိုင်ငံမှာထိပ်တန်းသိပ္ပံပါရဂူ များနှင့်ပခုံးချင်းယှဉ်နိုင်သော မြန်မာ သုခမိန်ကြီးဖြစ်သည်ကို မရိပ်စားမိချေ။ ဦးဘိုးလှိုင်သည်အင်္ကျီဖြူ-ပုဆိုးဖြူ၊ခေါင်း ပေါင်းဖြူနှင့်ရွှေစလွယ် ၁၂ ဆင့်ကို အမြဲ ဝတ်ဆင်တတ်လျက် ခံ့ညားသည်ဆို၏။
တိုင်းပြည်ကိုခေတ်မီနိုင်ငံအဖြစ်သို့ ပြောင်းလဲရေးသည် ထိုခေတ်၏အရေး ကြီးဆုံးတာဝန်ဖြစ်၏။ထိုတာဝန်ကို အိမ် ရှေ့စံကနောင်မင်းက ဥက္ကဋ္ဌ၊ဦးဘိုးလှိုင်က အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ကြ သည်။
ကနောင်မင်းက ဥရောပကို ယှဉ်ပြိုင် နိုင်ရန် ဥရောပလိုလုပ်မှဖြစ်မည်ဟူသည့် သဘောတရားကို မြဝတီမင်းကြီးဦးစထံ မှ ခံယူခဲ့သည်။ ဦးစသည် စစ်တကောင်း တိုက်ပွဲ၌ အင်္ဂလိပ်များနှင့်ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်၍ လက်နက်ကောင်းရှိမှ ခံနိုင်မည် ကိုသိ၏။ မန္တလေးခေတ် အခြေအနေကို ကင်းဝန်မင်းကြီးသုံးသပ်ရာ၌ ကျုပ်တို့ တပ်မတော်သားတွေမှာ ကိုက် ၈ဝဝ လောက်သာပစ်ခတ်နိုင်တဲ့တူမီးသုံးခွေစွပ် တွေပဲရှိတယ်။ အဲဒါတောင် တပ်သား စေ့မကိုင်နိုင်ဘူး။အမြောက်ဆန်များက လည်း တစ်မိုင်ခရီးထက်ပိုမရောက်ဘူး။ အင်္ဂလိပ်လက်မှာတော့ ကိုက် ၁၅ဝဝ သွားတဲ့ ဟင်ဒလီရိုင်ဖယ်သေနတ်တွေ၊ အမြောက်ဆန်တစ်ခါပစ်ရင် သုံးတိုင်ခရီး ရောက်နိုင်တဲ့စက်ယန္တရားတွေကိုင်ဆောင် သုံးစွဲနေကြတယ်။