images
UN
UN
ဖတ်ဖူးပါသလား
ချစ်နိုင်(စိတ်ပညာ) Wednesday, 09 May 2018
ဤကမ္ဘာလောက၏အရင်းခံသည် စိတ် စွမ်းအင်ဖြစ်သည်။
ဆာယအာသာယအက်ဒင်တန်
(ရူပနက္ခတ္တဗေဒပညာရှင်)
အတွေးများသည် အစစ်အမှန်ရှိသောအရာ များဖြစ်ကြသည်။ ယင်းတို့ကအခြေအနေများကို ပြောင်းလဲသည်။ မည်သည့်အရာကို ပြောင်းလဲ လိုသနည်း။ အတွေးများ၊ အယူအဆများ၊ သဘောထားများ၊ ထင်မြင်ချက်များ၊ ခံယူချက် များ၊ ယုံကြည်ချက်များ၊ မျှော်လင့်ချက်များ စသည်တို့ကို ပြောင်းလဲကြရမည်မဟုတ်လား။ ပြောင်းလဲခြင်းများ၏အရင်းအမြစ်ဖြစ်သောစိတ် ကို မူလပထမပြောင်းကြရမည်မဟုတ်ပါလား။စာအုပ်များက လူကိုပြောင်းလဲစေနိုင်ပါသလား။
စိတ်နှင့်စပ်ဆိုင်သမျှ သဘောတရားတို့ သည် (ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ ပြုလုပ်ခြင်း ဟူသမျှ တို့သည်) စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ အကြီး အမှူးရှိကုန်၏။ စိတ်ဖြင့်ပြီးကုန်၏။ တစ်စုံ တစ်ယောက်သောသူသည် ပြစ်မှားလိုသော (မကောင်းသော)စိတ်ဖြင့်ပြောဆိုခြင်း၊ပြုလုပ်ခြင်း၊ ကြံစည်ခြင်းကိုပြုအံ့။ ထိုသူ့နောက်သို့ လှည်းဘီး သည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်သကဲ့ သို့ ဆင်းရဲဒုက္ခလိုက်လေ၏။
(ဓမ္မပဒ၊ ယမကဝဂ်၊ စာပိုဒ် ၁)
စိတ်နှင့်စပ်ဆိုင်သမျှသဘောတရားတို့သည် စိတ်သာရှေ့သွားခေါင်းဆောင်ဖြစ်ပေသည်။ စိတ် သာ အကြီးအမှူးဦးစီးဖြစ်ကုန်၏။ စိတ်အတိုင်း ဖြစ်ကုန်၏။
ကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ်ကြံစည် သူ၏နောက်သို့ အရိပ်သည်အစဉ်လိုက်သကဲ့သို့ ချမ်းသာသုခ အစဉ်လိုက်လေသည်။
(ဓမ္မပဒ၊ ယမကဝဂ်၊ စာပုဒ် ၂)
အထက်ပါဓမ္မပဒကျမ်းလာမြတ်စွာဘုရား ဂေါတမဗုဒ္ဓ(၆၂၃-၅၄၃ဘီစီ)၏ ဟောကြားချက် တရားတော်နှစ်ပုဒ်သည် အစုံအစုံတရားအပိုင်း၌ ရှေ့ဆင့်နောက်ဆင့်ဖော်ပြပါရှိသော်လည်း အချိန် အခါနှင့်ဟောကြားခဲ့ခြင်းအကြောင်းရင်းတရားတို့ သည် မတူညီကြပေ။ တစ်ဆက်တည်း တစ်စပ် တည်းဟောတော်မူခြင်းမဟုတ်ချေ။
ပထမတရားတော်ကိုဟောကြားခြင်းကား စက္ခုပါလဘွဲ့မည်ရသော မျက်မမြင်ရဟန်းအား အကြောင်းပြုပေသည်။ မြတ်စွာဘုရား သာဝတ္ထိ ပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ်အခါ မျက်မမြင်ရဟန်းတစ်ပါးသည် စင်္ကြံသွားရာတွင် ပိုးပရန်ကောင်များကို နင်းမိလေသည်။ ထိုသို့ နင်းမိသဖြင့် ပိုးကောင်များစွာ သေကျေရလေ သည်။ ရဟန်းတချို့ကမြင်လေသော် စက္ခုပါလ ရဟန်းအားကဲ့ရဲ့၍ ဘုရားရှင်ထံလျှောက်တင် ကြလေသည်။ ''ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေပြီမဟုတ်ပါလားဘုရား''
''ရဟန်းတို့၊ သူပိုးကောင်များသတ်သည်ကို သင်တို့မြင်ခဲ့ကြလေသလော'' မြတ်စွာဘုရားက မေးသည်။
ထိုရဟန်းတို့က-
''ကိုယ်တိုင်ကားမမြင်ပါဘုရား။ သေနေ သောပိုးကောင်တို့ကို တွေ့ရပါသည်''
''ရဟန်းတို့-သူပိုးကောင်များသတ်သည်ကို သင်တို့မမြင်သကဲ့သို့ပင် သူသည်လည်း ပိုး ကောင်တို့ကို မမြင်ချေ။ စင်စစ်ရဟန္တာတို့မှာ သေ စေလိုသောစိတ်စေတနာ မရှိကြပါ''
မြတ်စွာဘုရားက ''စေတနာမပါသဖြင့် ကံအရာမမြောက်''ဟု အဓိပ္ပာယ်ရောက်အောင် မိန့်ကြားပါသည်။ ရဟန်းတို့က ''စက္ခုပါလသည် ရဟန္တာဖြစ်ပါလျက် အဘယ်ကြောင့် မျက်စိ ကွယ်ရပါသလဲ ဘုရား''ဟု မေးပြန်ရာ-
''ရှေးဘဝကပြုခဲ့ဖူးသော အကုသိုလ်မကောင်း မှု အစဉ်လိုက်ခြင်းသဘောပင် ဖြစ်ပေသည်''
ဤသို့ဖြင့် အထက်ဖော်ပြပါ ဓမ္မပဒ၊ ယမက ဝဂ်၊ စာပိုဒ် ၁ ကို မြတ်စွာဘုရားဟောကြားတော် မူခြင်း ဖြစ်ပါ၏။ ကံဆိုသည်မှာ စေတနာကို ဆိုလိုသည်။
ဒုတိယစာပိုဒ်ကို ဟောတော်မူရခြင်း၏ အကြောင်းရင်းဖြစ်စဉ်မှာ ပဋ္ဌကုဏ္ဍလီနတ်သား၏ ထူးခြားသောဖြစ်ပေါ်ခြင်းကို အံ့သြစဖွယ် ပရိ သတ်အများမြင်ကြရခြင်းကြောင့် ဖြစ်လေသည်။ ထူးခြားဆန်းကြယ်ပေသည်။
သာဝတ္ထိပြည်တွင် ဗုဒ္ဓဘာသာဝင်မဟုတ်သော သူဌေးကြီးတစ်ဦး ရှိပေသည်။ သူ့တွင် သားလုင် တစ်ယောက်ရှိလေသည်။ သူဌေးသားသည်လည်း မြတ်စွာဘုရားကို ကိုးကွယ်သူမဟုတ်။ ရတနာ သုံးပါးကို ဆည်းကပ်သူမဟုတ်။ သူသည် အနာ ရောဂါနှိပ်စက်သဖြင့် သေခါနီးဆဲဆဲ အခြေအနေ ဖြစ်နေစဉ် မြတ်စွာဘုရားနှင့်ရဟန်းသံဃာများ သည် သူတို့အိမ်ရှေ့မှ ဆွမ်းခံကြွရန်ဖြတ်ပြီး ကြွ သွားသည်ကို ခုတင်ညောင်စောင်းပေါ်မှ သူမြင် လိုက်ရသည်။
ဆွမ်းခံချိန် ၉ နာရီခွဲ ၁ဝ နာရီ နံနက်ပိုင်းဖြစ် ပေလိမ့်မည်။ အားအင်ကုန်ခန်းကာ သေအံ့ဆဲဆဲ သော ဝေဒနာခံစားနေရစဉ်အခိုက်အတန့် အချိန် လေးအတွင်း ဆွမ်းခံကြွလာနေသောလမ်းပေါ်က မြတ်စွာဘုရားသခင်ကို ဖူးမြင်ရသည်မှာ ရင်ထဲ လှိုက်ဖိုကြည်ညိုမိသည်။ အားတင်း၍ လက်အုပ် ချီမိုး ဦးတင်ရန်ကြိုးစားဆဲမှာပင် သေလွန်သွား ရှာလေသည်။
ထိုကုသိုလ်ကြောင့် သူဌေးသားပဋ္ဌကုဏ္ဍလီ (ပတ်ထ ကုန်ဒလီဟုအသံထွက်ရပါလိမ့်မည်)လုင် သည်စက္ကန့်မိနစ်မခြား တာဝတိံသာနတ်ပြည်၌ အခြံအရံများစွာသော နတ်သားဖြစ်သွားလေ တော့သည်။
ပဋ္ဌကုဏ္ဍလီနတ်သားကိုယ်တိုင် လည်း အံ့အားသင့်မိသည်။ မြတ်စွာဘုရားကို လှိုက်လှဲစွာ ကြည်ညိုဖူးမြော်ရသော ကောင်းမှု စိတ်ဇော၏ အံ့သြစဖွယ်သော အကျိုးထူးရှိပုံကို ဖခင်သူဌေးကြီးကိုလည်း သက်သေအထင်အရှား သိမြင်နားလည်စေချင်သည်။ ဖခင်အပေါ်စေတနာ သံယောဇဉ်။
ထို့ကြောင့် ပဋ္ဌကုဏ္ဍလီနတ်သားသည် ရွှေဗိ မာန်နတ်သမီး အခြံအရံများစွာနှင့်တကွ မြတ်စွာ ဘုရားထံဆင်းလာ(ကိုယ်ထင်ပြကာ) သူ၏ အဖြစ်သနစ်ကို လျှောက်ထားလေသည်။ အများ မြင်ကြရသည်။ ထိုအခါ အဖသူဌေးကြီးသည် ဇဝေဇဝါယုံမှား သံသယဖြစ်ရသည်။ ဒါဟာ အစစ်အမှန်ဟုတ်ရဲ့လား။ အမှန်တကယ်ဖြစ်ပါရဲ့ လား၊ မြင်ရကြားရ ထူးဆန်းလှသဖြင့် ဘုရား ရှင်အား မေးလေသည်။
'ဘော... ဂေါတမ သင့်ကို ကြည်ညိုရုံမျှ ဖြင့် နတ်ပြည်လောကသို့ ရောက်နိုင်ပါသလော'
မြတ်စွာဘုရားကသူဌေးကြီးအားဖြေကြား၏။
'ဒါယကာ သူဌေး ရတနာသုံးပါးကို ဖြူစင် သောစေတနာဖြင့် ကြည်ညိုမြတ်နိုးသူတို့ နတ် ပြည်သို့ ရောက်သွားကြသော အရေအတွက်ကို ကိန်းဂဏန်းချ၍ ဖော်ပြရန်ပင်မဖြစ်နိုင်ပေ။ စိတ် စေတနာဖြူစင်လေက မည်သူမဆိုကောင်းမွန် သောအကျိုးဖလကို မုချရနိုင်လေသည်'
ဤသို့ဖြင့် ကောင်းသော စိတ်ဖြင့် ကြံစည် ပြောဆိုပြုလုပ်သူ၏ နောက်သို့ အရိပ်သည် အစဉ် လိုက်သကဲ့သို့ ချမ်းသာသုခအစဉ်လိုက်လေသည် ဟူသော ဓမ္မပဒ၊ ယမကဝဂ်၊ စာပိုဒ် ၂ ကိုဟော ကြားတော်မူခဲ့ခြင်းဖြစ်ပါ၏။
မြတ်စွာဘုရားသခင် ၄၅ နှစ်တာကာလ ပတ်လုံး ဟောကြားတော်မူခဲ့သာ တရားအစု ကောက်နုတ်ချက်များကို ဓမ္မပဒကျမ်းဟုခေါ်ဆို ပါသည်။ ပါဠိဘာသာမှ မြန်မာဘာသာ၊ အင်္ဂ လိပ်ဘာသာအစရှိသည့် ဘာသာပေါင်းများစွာ ပြန်ဆိုထားပြီးရှိနေပါသည်။ ဗုဒ္ဓစာပေလောကတွင် အလုံးစုံတို့ထက် ထင်ရှားကျော်ကြား၍ လူကြိုက် များသော ကျမ်းမှာဓမ္မပဒဖြစ်လေသည်။
ဆရာတော်အရှင်ဗုဒ္ဓဃောသ၊ သင်္ဂဇာဆရာ တော်၊ ဦးသော်ဇင်၊ ဦးမြင့်ဆွေ (M.A Londen)၊ ဦးရွှေအောင်အစရှိသော ရဟန်းပညာရှိ၊ လူပညာ ရှိများစွာက အကျဉ်းအကျယ်၊ စကားပြေ၊ ကဗျာ၊ လင်္ကာစသည်တို့ဖြင့် ပြုစုရေးသားခဲ့ကြပါသည်။
အင်္ဂလန်သာသနာပြု ဓမ္မကထိက ပထမ ကျော် အရှင်သေဋ္ဌိလက ဓမ္မပဒဘာသာပြန် အကြောင်းကို ဤသို့ဆိုလေသည်။
နိကာယ်ငါးရပ်တို့တွင် ခုဒ္ဒကနိကာယ် အဝင် အပါဖြစ်သော ဓမ္မပဒပါဠိတော်သည် စာအုပ်ပင် ငယ်သော်လည်း လူအမျိုးမျိုးတို့၏ စိတ်သဘော အမျိုးမျိုးကို လိုက်၍ ဗုဒ္ဓမြတ်စွာဘုရားဟောကြား တော်မူခဲ့သောတရားတော်ပေါင်းစုံပါရှိသဖြင့် (an anthology of veres) တရားတော်ညွန့်ပေါင်းချုပ် ဖြစ်ပေသည်။
ထိုဓမ္မပဒပါဠိတော်လာ တရားတော်များကို ကြားနာရသဖြင့် လွတ်လပ်ရေးအစစ်၊ ငြိမ်းချမ်း ရေးအစစ်ဖြစ်သည့် နိဗ္ဗာန်ချမ်းသာကိုရသော လူဦးရေပေါင်း မရေမတွက်နိုင်အောင် များပြားခဲ့ လေသည်။ ၄င်းတရားများကို လွန်ခဲ့သောနှစ် ပေါင်း ၂၅ဝဝ ကျော်ကပင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော်လည်း ၄င်းတရားများ ကို ကောင်းစွာနားလည်၍ကျင့်ကြံနေထိုင်ကြလျှင် ယခုအခါလည်း ကမ္ဘာမှာစစ်မက်အေးငြိမ်း၍ လူအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာနေကြ ရမည့်ပြင် လွတ်လပ်ရေးအစစ်၊ငြိမ်းချမ်းရေးအစစ် ဖြစ်သောနိဗ္ဗာန်ချမ်းသာကိုရမည်ကားမလွဲတည်း။
ယခုအခါ ကမ္ဘာပေါ်မှာ တစ်ဦးအပေါ်တစ်ဦး အနိုင်ကျင့်ခြင်း၊ တစ်ဦးပစ္စည်းဥစ္စာကို အတင်း လုယူခြင်း၊ တစ်ဦးကိုတစ်ဦးမနာလိုခြင်း၊မုန်းခြင်း၊ နှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်း၊တစ်ပြည်နှင့်တစ်ပြည် စစ်တိုက်ခြင်းစသောအပြင်မီးတဟုန်းဟုန်းတောက် လောင်နေခြင်းမှာ လိုချင်တပ်မက်ခြင်းလောဘ၊ အလိုအတိုင်းမရလျှင် မုန်းခြင်း၊ အမျက်ထွက်ခြင်း ဒေါသ၊ တရားမှန်ကို မသိခြင်း မောဟတည်းဟူ သော အတွင်းမီးသုံးပါးလျှင် အရင်းခံဖြစ်သဖြင့် ၄င်းအတွင်း မီးမငြိမ်းသမျှ အပြင်မီးမည်သည့် အခါမျှ ငြိမ်းမည်မဟုတ်ချေ။
နိုင်ငံပေါင်းချုပ်အသင်း ဖွဲ့စည်းခြင်း၊ စစ်ပြေ ငြိမ်းရေးအစည်းအဝေး၊ ညီညွတ်ရေး အစည်း အဝေးစသည်များ ကျင်းပ၍ တစ်ပြည်နှင့်တစ် ပြည် စစ်မတိုက်တမ်း စာချုပ်၊ မဟာမိတ်စာချုပ် စသည် ပြုလုပ်ခြင်းမှာ အလွန်ကောင်းသော အလုပ်များဖြစ်ကြလေသည်။ သို့ရာတွင် ထိုသို့ ပြုလုပ်ကြခြင်းသည် အရင်းခံအတွင်းမီးကို ငြိမ်းအောင် မသတ်ဘဲ အပြင်မီးကိုသာ ငြိမ်း အောင် အားထုတ်သည်နှင့်တူလေသည်။ အမြစ် ပြတ်အောင် မကုဘဲ အပေါ်ယံမျှကိုသာ ဖောက်ခွဲ ၍ လိမ်းဆေးတင်သဖြင့် ပျောက်ကင်းသည်ထင် ရသော အနာသည် မကြာခင်ပြန်ထမည်မှာ မလွဲ သကဲ့သို့ ဖြစ်လေသည်။
အပြင်မီးများအရင်းခံ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အတွင်းမီးကို ငြိမ်းစေနိုင် သည်မှာ ဘုရားဟော တရားတော်တည်းဟူသော ရေအေးတစ်ခုသာလျှင် ဖြစ်၏။ လူအများ စိတ် ဆင်းရဲ ဖြစ်ရခြင်းတည်းဟူသော အနာရောဂါကို အမြစ်ပါမကျန် ပျောက်ကင်းစေနိုင်သော ဆေးမှာ ဘုရားဟော တရားတော်တည်းဟူသော ဆေး တစ်ခုသာရှိ၏။
ထိုတရားရေအေး အမြိုက်ဆေးကို ပေးနိုင် သော ဓမ္မပဒပါဠိတော်သည် အရှေ့နိုင်ငံ ဗုဒ္ဓ ဘာသာများအတွက် နေလအသွင် အလွန်ထင်ရှား အတိုင်းမသိ ကျေးဇူးများသည့်အပြင် အနောက် နိုင်ငံ၌လည်း လွန်ခဲ့သောနှစ်ပေါင်း တစ်ရာကျော် လောက်ကစ၍ တဖြည်းဖြည်း ထင်ရှားလာပြီး လျှင် ယခုအခါ ဗုဒ္ဓဘာသာကျမ်းစာအုပ်တို့တွင် အထင်အရှားဆုံး ဗုဒ္ဓဘာသာအတွက် အကျိုး အများဆုံး စာအုပ်တစ်အုပ်ဖြစ်လေသည်။ ထိုသို့ ဖြစ်သည့်အတိုင်းလည်း အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာများသို့ ပြန်ပြီး ကြောင်း သိရပေသည်။
ထိုဓမ္မပဒပါဠိတော်ကို ဆရာအမျိုးမျိုးတို့ မြန်မာဘာသာပြန်ပြီးဖြစ်သော်လည်း ထိုမြန်မာ ပြန်များမှာ ပါဠိနှင့် မြန်မာရောနှောသော နိဿယ များသာဖြစ်၍ လူအများနားလည်နိုင်ရန် ခဲယဉ်း လေသည်။ ထိုသို့ ခဲယဉ်းသည့်အတိုင်း ဓမ္မပဒ ဝတ္ထုများလောက်သာ ထင်ရှား၍ ဘုရားဟော တော်မူရင်း ဂါထာတော်တရားတော်များ၏ အရ သာကို လူအများခံစားသင့်သလောက်မခံစားရ ဖြစ်လေသည်။ သို့ဖြစ်၍ ဟောတော်မူရင်း ဂါထာ တော် တရားတော်များကို လူအများ အလွယ် တကူ နားလည်ကြစေရန်လည်းကောင်း၊ ထိုသို့ နားလည်ကြ၍ ကျင့်ကြံနေထိုင်ကြသဖြင့် တရား အရသာကို ခံစားကြစေရန်လည်းကောင်း၊ ယခု အခါ မြန်မာပြည်မှာ တရားလက်မဲ့ဖြစ်နေကြ သောသူများကို တရားလက်ကိုင်ထားကြဖို့ သတိ ပေးရန်လည်းကောင်း၊ ဤအကြောင်းအကျိုးကျေး ဇူးအမျိုးမျိုးတို့ကိုမျှော်ကိုး၍ ဓမ္မပဒအဋ္ဌကထာကို မှီငြမ်းထားကာ မြန်မာဘာသာသက်သက် ပြန်ဆို အပ်ပေသည်။ အီတာလျံဘုန်းကြီး ဦးလောကနာထ ကလည်း ဤသို့ဆိုလေသည်။
ဆယ့်ငါးနှစ်အလွန်က ကျွန်ုပ်သည် ရိုမန် ကက်သလစ်ဖြစ်ခဲ့လေသည်။ ယနေ့ကျွန်ုပ်သည် အနောက်နိုင်ငံ၌ ဗုဒ္ဓသာသနာထွန်းကားရေးကို ထက်သန်လိုလားနေသည့် ဘုရားသားတော် ဗုဒ္ဓ ဘာသာရဟန်းတော်တစ်ပါးဖြစ်နေပြီ။ ဓမ္မပဒစာ အုပ်က ကျွန်ုပ်ကို ပြောင်းလဲပေးလိုက်သည်။ မည်သူမျှ ကျွန်ုပ်ထံသို့မလာ၊ မည်သူမျှ ကျွန်ုပ် ထံ ဗုဒ္ဓဘာသာတရားဟောရန် မရောက်လာ။ ဓမ္မပဒစာအုပ်သည် ကျွန်ုပ်ဘဝကို ပြောင်းလဲ ပစ်လိုက်ပါသည်။ အကယ်၍ ကျွန်ုပ် ဓမ္မပဒ စာအုပ်ကို မဖတ်မိလျှင် ကျွန်ုပ်သည် ယနေ့ထက် တိုင် ရိုမန်ကက်သလစ်အဖြစ်နှင့်ပင် ရှိနေဦးမည်။ ဓမ္မပဒ၏ အသွင်ဖြင့်ရှိနေသော ရှင်တော်ဗုဒ္ဓသည် ကျွန်ုပ်၏ဘဝကို ပြောင်းလဲပေးသော ထိပ်တန်း သာသနာပြုဖြစ်လေသည်။ ရှင်တော်ဗုဒ္ဓသည် ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းသွားပြီဖြစ်သော်လည်း ရှင်တော်ဗုဒ္ဓ၏ဓမ္မမှာ အသက်ရှင်လျက်ပင် ရှိနေ ပြီး အလုပ်လုပ်လျက်ပင် ရှိနေသည်။
ကျွန်ုပ်သည် အီတလီ၌မွေးဖွားသည်။အမေရိကန် နယူးယောက်မြို့၌ ကြီးပြင်းသည်။ ပညာသင် ကြားသည်။ ကျွန်ုပ်သည် ဝိဇ္ဇာနှင့် သိပ္ပံပညာ နှစ်ရပ်လုံးကို သင်ကြားသည်။ သို့ရာတွင် ဓာတု ဗေဒပညာကို အထူးဝါယမစိုက်ထုတ်၍ သင်ကြား သည်ဖြစ်၍ ဘီအက်စ်စီ(ဓာတုဗေဒ)ဘွဲ့ကို ရရှိခဲ့ သည်။ ကျွန်ုပ်၏ သိပ္ပံပညာအသိသည် ကျွန်ုပ်၏ အမြင်ဟောင်းဖြစ်သည့် ရိုမန်ကက်သလစ်အမြင် နှင့် တိုက်ခိုက်ကြတော့သည်။ ချက်ချင်း သိပ္ပံ ပညာက အပေါ်စီးရရန် ရိုမန်ကက်သလစ်ဝါဒက နောက်ဆုတ်သွားသည်။ ကျွန်ုပ်၏ဘာသာတရား သည် တဖြည်းဖြည်း သိပ္ပံပညာ၏ဘာသာတရား ဖြစ်လာခဲ့သည်။ သို့ရာတွင် ကျွန်ုပ်သည် ယေရှု ခရစ်နှင့် စိန့်ဖရန့်စစ်ကိုမူ ကြည်ညိုနေတုန်းပင် ရှိလေသည်။
အမေရိကန်၌ တစ်နေ့တွင် ကျွန်ုပ်သည် စက်ရုံ ကြီးတစ်ခု၏ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲသည့်အလုပ် ကို အာရုံစိုက်နေစဉ် မိတ်ဆွေဓာတုဗေဒအရာရှိ တစ်ဦးက စာအုပ်ကြီးတစ်အုပ် ကျွန်ုပ်ကို ပေး လေသည်။ ထိုစာအုပ်ထဲ၌ အခြားစာများအပြင် ပါမောက္ခ မက်စ်မူလာ ဘာသာပြန်ထားသည့် ဓမ္မပဒနှင့် အဿဃောသရေးသော ဗုဒ္ဓဝင်ပါရှိ လေ၏။ ကျွန်ုပ်၏မိတ်ဆွေသည် ထိုစာအုပ်ကို ဖတ်သည်။ သို့ရာတွင် သူသည် ခရစ်ယာန်အဖြစ် ပြောင်းလဲမသွား။ ကျွန်ုပ်လည်း ထိုစာအုပ်ကို ဖတ်သည်။ ကျွန်ုပ်ကမူ ဗုဒ္ဓဘာသာဖြစ်လာသည်။
ကျွန်ုပ်သည် သိပ္ပံနည်းကျသော ဘာသာ တရားကိုအစဉ်တစိုက်စုံစမ်းလာခဲ့သည်။ နောက် ဆုံး၌ ကျွန်ုပ်လိုလားနေသောအရာကိုတွေ့ရလေ ၏။ ဗုဒ္ဓဘာသာသည် ကျွန်ုပ်ကြာမြင့်စွာတောင့်တ လာခဲ့သောအရာကို ဖြည့်တင်းပေးလိုက်လေ၏။ ကျွန်ုပ်ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာသည်။ ဗုဒ္ဓ စာပေကျမ်းဂန်အမျိုးမျိုးကို စိတ်အားထက်သန်စွာ ဖြင့်ဖတ်သည်။ ကျွန်ုပ်သည်ရေငတ်မွတ်နေသည့် သဲကန္တာရခရီးသည်နှင့် ပမာတူသည်။ နောက်ဆုံး ၌ ကြာမျိုးစုံပေါက်နေသည့် ရေကန်တစ်ကန်ကို တွေ့ရ၍ အေးမြကြည်လင်နေသောရေကိုအားပါး တရသောက်ပစ်လိုက်လေသည်။
ကျွန်ုပ်သည် ဗုဒ္ဓ၏တရားတော်ကို သက်ဝင် ယုံကြည်သည်။ သို့ဖြစ်၍ လောကီကိုစွန့်လိုက်၏။ အိန္ဒိယသို့လာခဲ့၏။ မြန်မာပြည်၌ ရဟန်းပြုလိုက် ၏။
(ပါရဂူ၏ သာသနာ့ခရီးသည်မှ)
ဓမ္မပဒဟူသောစာအုပ်က လူပုဂ္ဂိုလ်ပေါင်းများ စွာ၏ဘဝကို အလင်းရောင်ပေး၍ ကောင်းကျိုး ပြုခဲ့လှပြီ။ ယင်းကိုစာဖတ်သူသို့မျှဝေအသိပေး ပါသည်။ လူငယ်လူကြီးမရွေး မဖတ်ဖူးသေးလျှင် ဖတ်စေချင်ပါသည်။ ဖတ်ပြီးသားဆိုလျှင်လည်း ထပ်မံဖတ်ကြည့်စေလိုပါသည်။ စာဖတ်သူ အတွက် ကုသိုလ်လက်ဆောင်ရသည် ဆိုနိုင်ပါ လိမ့်မည်။ ချစ်လို့ပြောတာမှတ်ပါ။