images
UN
UN
ကြိုးစားမှုကို အရင်းတည်ကြမှသာ
ဝင်းဇော်(သုံးဆယ်) Tuesday, 15 May 2018
အောင်မြင်မှု ရလိုသူတွေဟာ ကြိုး စားမှုကို အရင်းတည်ရမှာပဲ ဖြစ်ပါတယ်။ ဥစ္စာ ရလိုသူတွေဟာ ဥစ္စာကို ကြိုးစား ရှာဖွေရမှာဖြစ်ပါတယ်။ ပညာကို ရလိုသူ တွေဟာ ပညာကို ကြိုးစားရှာဖွေရမှာ ဖြစ်ပါတယ်။ ထိုနည်းတူ ကုသိုလ်ရလို သူတွေကလည်း ကုသိုလ်ကို ရစေတဲ့ ဒါနမှု၊သီလမှု၊ဘာဝနာမှုတွေကို ကြိုးစား ရှာဖွေရမှာပဲဖြစ်ပါတယ်။
တကယ်တော့ ကြိုးစားတယ်ဆိုတာ အားထုတ်တာ(ဝါ)လုံ့လပြုတာကို ပြော တာပါ။ ဒီနေ့ကမ္ဘာပေါ်မှာ ထင်ရှားကျော် ကြားနေတဲ့သူတွေဟာ အလွန်ကြိုးစားခဲ့ တာကြောင့်ပဲ ဖြစ်ပါတယ်။
'ကြိုးစားရင် ဘုရားဖြစ်' ဆိုတဲ့ ဆို ရိုးစကားရှိပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကျင့်ကြိုးစားအားထုတ်ခဲ့လို့ ဘုရားအဖြစ် ကို ရောက်ရတာပါ။
''ငုပ်မိသဲတိုင် တက်နိုင်ဖျား ရောက်''ဆိုတဲ့စကားဟာ ကြိုးစားရင် မိမိလိုရာပန်းတိုင်ကို ရောက်နိုင်တယ်ဆို တာကို တွန်းအားပေးထားတာပါ။
ဒီနေ့ခေတ်လူငယ်တွေဟာ နေမျိုး ဗလကျော်သူဘွဲ့ရ နာမည်ကျော်ဆိုင်း ဆရာကြီးစိန်ဗေဒါကဲ့သို့ ကြိုးစားသင့်ကြ တယ်။ အဲဒီခေတ်အခါက ဆိုင်းဆရာကြီး စိန်ဗေဒါဟာ ဆိုင်းလောကမှာ နာမည် ကြီးဖြစ်ပေမယ့် သူဟာနေ့စဉ် ဆိုင်းတီး လေ့ကျင့်နေတတ်တယ်လို့ သိရပါတယ်။ ဆရာကြီးရဲ့မိတ်ဆွေတွေက ဆရာကြီး ကို...
''ဆရာကြီးက နာမည်ကြီးပြီးသားပဲ။ ဆရာ့ကို ဘယ်သူမှလည်း မပြိုင်နိုင်ပါ ဘူး။ ဒီလောက် လေ့ကျင့်နေဖို့ မလိုတော့ ပါဘူး''
လို့ပြောရာ ဆရာကြီးက...
''ကျုပ်က တခြားသူနဲ့ပြိုင်ဖို့ကြိုးစား နေတာမဟုတ်ဘူး။ ကျုပ်ကို ကျုပ်ပြန် ပြိုင်ဖို့ လေ့ကျင့်နေတာပါ။ မနေ့က စိန် ဗေဒါကို ဒီကနေ့စိန်ဗေဒါက ချိုးနိုင်ရ မယ်။ ဒီနေ့ စိန်ဗေဒါကို မနက်ဖြန် စိန် ဗေဒါက ချိုးနိုင်ရမယ်''
လို့ပြောပြတယ်လို့ မှတ်သားရပါ တယ်။
စကော့တလန်က ပညာရှိကြီး သော မတ်ကာလိုင်းက
''လူတကာထက် ထူးချွန်လိုလျှင် ပထမဦးစွာ ပိုမို၍ ဆင်းရဲ ပင်ပန်းခြင်းကို ခံနိုင်သော ဇွဲသတ္တိရှိဖို့ လိုပါတယ်''
လို့ဆိုခဲ့ပါတယ်။
'လောက၌ မည်သည့်ကိစ္စမဆို ဖြစ် နိုင်သောအရာဟူသမျှတို့မှာ ထိုက်တန် သည့်အချိန်အခါကိုယူ၍ လုပ်ကိုင်လျှင် ဖြစ်နိုင်သည်သာများလေသည်။ထို့ကြောင့် တိုးတက်မှုကို ရှေးရှုသော ပုဂ္ဂိုလ်တို့သည် မည်သည့်အခါမှ အားမလျှော့ရာလို့ ပညာရှိတို့က ဆုံးမထားပါသည်။
အမေရိကန်အမျိုးသမီးကြီး ဟယ် လင်ကယ်လားဟာ မျက်စိမမြင်နားမကြား ဆွံ့အနေသူတစ်ယောက်ဖြစ်နေပေမယ့် လည်း ကမ္ဘာကျော်စာရေးဆရာမကြီး ဖြစ်ခဲ့ပါတယ်။

ပြင်သစ်ဧကရာဇ် နပိုလီယံက...
'မဖြစ်နိုင်ပါဘူးဆိုတဲ့ စကားဟာ သူရူးတွေရဲ့ အဘိဓာန်မှာပဲရှိတယ်'လို့ ကြုံးဝါးခဲ့သူ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ကြုံးဝါးချက်အတိုင်း ဥရောပတစ်တိုက် လုံးကို လွှမ်းမိုးသိမ်းပိုက်ဖို့ ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ သူ့ဘဝကိုလည်း သာမန် အကြပ်တပ်သားလေးအဆင့်က ဧကရာဇ် ဖြစ်အောင် ကြိုးစားခဲ့သူဖြစ်ပါတယ်။
တကယ်တိုးတက်ကြီးပွားအောင်မြင် ဖို့ဆိုတာက ငွေ၌လည်းမတည်ပါဘူး။ ကံ၌လည်း မတည်ပါဘူး။ စင်စစ်မိမိ ကိုယ်၌သာတည်ပါတယ်။ ဘယ်လောက် ပဲ ဆင်းရဲပါစေ ဘယ်လောက်ပဲ ကံ မကောင်းပါစေ မိမိကိုယ်တိုင်ကြိုးစားရင် လက်ရှိအခြေအနေထက်သာမကတိုးတက် အောင်မြင်ကြမှာကတော့ မလွဲပါဘူး။
သောမတ်စ်အယ်ဒီဆင်က 'ဥာဏ် ကြီးရှင်ရဲ့အောင်မြင်မှုဟာ ခေါင်းထဲကို အသိဥာဏ်ဝင်လာမှု ၁ဝ ရာခိုင်နှုန်းနဲ့ ကိုယ်တိုင်ကြိုးစားအားထုတ်မှု ရာခိုင်နှုန်း ၉ဝ ပေါင်းထားတာဖြစ်တယ်' လို့ဆို ထားပါတယ်။
ဥစ္စာ၊စီးပွား၊ပညာကို ရှာဖွေရာမှာ လှည်းဘီးခန့်ပမာဏရှိတဲ့ ပျားလဘို့ကြီး ကို ရအောင်စုဆောင်းတဲ့အခါ ပန်းတွေရဲ့ အဆင်းရနံ့ကို မပျက်စီးစေဘဲ ပန်းဝတ် မှုန် ပန်းဝတ်ရည်တို့ကိုသာ နှုတ်သီးအ တောင်တွေနဲ့ လုံ့လထုတ် နုတ်ယူတဲ့ ပျား သတ္တဝါတွေလိုပဲ မိမိတို့ရဲ့ ဘဝကို မနစ် နာမဆုံးရှုံးစေဘဲ တရားသဖြင့် ကြိုးစားရ ပါမယ်။ အဲသလို တရားသဖြင့်ကြိုးစား အားထုတ်ရှာဖွေထားတဲ့ ဥစ္စာ၊စီးပွား၊ ပညာသည်သာ တိုးပွားတတ်တယ်လို့ ပညာရှိတို့က ဆိုပါတယ်။
ငယ်စဉ်ကျောင်းသားအရွယ်က စာသင် ဖို့ ကျောင်းသွားရတာကိုပျင်းလို့ ဖခင်က အဲဒီကလေးကို ဆူးချုံထဲမှာ ချထားခဲ့ ပါတယ်။ အဲဒီကလေးငယ်က မိဘကို စိတ်နာလို့ အရပ်တစ်ပါးသို့ ထွက်သွား ပါတယ်။ သာမဏေမှ ရဟန်းဖြစ်တဲ့ တိုင်အောင် ပုဂံမှာနေပြီး စာပေသင်ကြား ပါတယ်။ အဲဒီရဟန်းဟာ ကျမ်းတတ် ပုဂ္ဂိုလ်ကိုမှ လှူမယ်ဆိုတဲ့ ပင်းယဘုရင် လေးစီးရှင်ရဲ့ ဆောက်လုပ်ပြီး ကျောင်း ကို တက်နေတာကြောင့် ပညာရှိအမတ် ကို စေလွှတ်ပြီး စုံစမ်းစေတယ်။ ကျမ်းဂန်တတ်ရဟန်းမှန်းသိလို့ ဘုရင်က ကျောင်းကို လှူဒါန်းတယ်။ ငယ်စဉ်က ဆူးချုံထဲ ပစ်ချခံရတာကို အစွဲပြုလို့ 'ဆူးတွင်းပစ်' ဆရာတော်လို့ ထင်ရှား တယ်။ မခံချင်စိတ်နဲ့ကြိုးစားတာကြောင့် အောင်မြင်မှုရတယ်ဆိုတာကို သက်သေ ပြတာပါ။
ကြိုးစားတိုင်း အကျိုးမခံစားရဘူး ဆိုတာကတော့ ဇွဲမကောင်းတာကြောင့် ပဲ ဖြစ်ပါတယ်။ ငုပ်မိသဲတိုင်တက်နိုင် ဖျားရောက်ဆိုတဲ့ စကားကိုသတိမရလို့ ဘဲဖြစ်ပါတယ်။ တကယ်လို့ တုံးတိုက် တိုက် ကမ်းတိုက်တိုက်ကြိုးစားမြဲ ကြိုး စားရင် အဖျားကိုမရောက်နဲ့ဦး အဖျားနဲ့ နီးသည်ထက်နီးလာမှာပဲ။သဲတိုင်မရောက် ပေမယ် သဲနဲ့နီးတဲ့နေရာတော့ ရောက် မှာပဲ။
နံနက် ၆ နာရီတိုင်း အိပ်ရာမထဘဲ နံနက် ၈ နာရီမှ အိပ်ရာထတဲ့သူဟာ နှစ်ပေါင်း ၄ဝ အတွင်းနာရီပေါင်း ၂၉ဝဝဝ သို့မဟုတ် သုံးနှစ်ကျော်ခန့် အချိန်ဆုံးရှုံး ရတာမို့ ကြိုးစားလိုသူတိုင်းဟာ အချိန် ဆုံးရှုံးတာကို နှမြောတတ်ဖို့လိုပါတယ်။
အဲဒါကြောင့် ယနေ့လူငယ်တွေဟာ မနေ့ကမိမိနဲ့ ဒီနေ့မိမိမတူအောင် တစ်နေ့ ထက်တစ်နေ့တိုးတက်အောင် ကြိုးစား အားထုတ်သင့်ကြပါတယ်။ မိမိကိုယ်မိမိ ယှဉ်ပြိုင်ကြိုးစားတာဟာ အခြားသူတွေနဲ့ ယှဉ်ပြိုင်ရာလည်း ရောက်ပါတယ်။ ကြိုးစားမှုကို အရင်းတည်မှသာ မိမိဘဝ အတွက် ပညာရေး၊ စီးပွားရေးတိုးတက် မှာ ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါတယ်။