images
UN
UN
မြန်မာတို့၏သူရဲကောင်းဘုရင့်နောင်
မိုးပန်းမွန်(ရာမည) Tuesday, 15 May 2018
မြန်မာနိုင်ငံတစ်ဝန်းတွင် ရာဇဝင်က ပြောသော လွမ်းမောဖွယ်ရာနေရာများစွာ ရှိသည်။
စာပေနှင့် ယဉ်ကျေးမှုများစွာ ထွန်း ကားသောနိုင်ငံဖြစ်၍ ဒေသအလိုက်၊လူမျိုး အလိုက် ယဉ်ကျေးမှုဓလေ့စရိုက်ရှိကြ သည်။မြန်မာနိုင်ငံအတွင်း တစ်မြေတည်း နေ တစ်ရေတည်းသောက်ကြသူချင်းဖြစ် ၍ ဆက်စပ်မှု၊ ပေါင်းစည်းမှု၊ပတ်သက်မှု များလည်းရှိခဲ့သည်။
တောင်ငူမြို့သို့ စာပေဟောပြောပွဲ သွားစဉ်က တောင်ငူမြို့တွင် ဘုရင့်နောင် မင်းကြီး တည်ထားကိုးကွယ်ခဲ့သော ''ကောင်းမှုတော်စေတီ''ကြီးတစ်ဆူရှိ ကြောင်း သိခဲ့ရသည်။ ပဲခူးမြို့သို့ စာပေ ဟောပြောပွဲသွားသည့်နှစ်က သမိုင်းဝင် ''ကမ္ဘောဇသာဒီနန်းတော်''သို့လေ့လာ ခွင့်ရခဲ့သည်။ ခမ်းနားထည်ဝါအံ့စရာ ချည်းသာ။
တာချီလိတ်ခရိုင်သို့ စာပေဟောပြော ပွဲသွားတော့လည်း ထိုဒေသ၌ဘုရင့်နောင် မင်းတရားကြီး၏ရုပ်တုတည်ဆောက် ထားသည်မှာ ခမ်းခမ်းနားနား။ ပန်းခြံ ကျယ်ကြီးတွင် တည်ဆောက်ထားပြီး မြင့်မြင့်မားမားခံ့ညားသည့်ဘုရင့်နောင် မင်းတရားကြီးကို သက်ရှိထင်ရှားမြင်တွေ့ ရသလို ခံစားမိသည်။
စာရေးသူ၏ရင်ထဲသို့ ဘုရင့်နောင် မင်းတရားကြီး၏ ရာဇဝင်ကြောင်းများ တွယ်ငြိလာသည်။ မွန်လူမျိုး၊ မွန်ဒေသ နှင့်ဆက်နွှယ်ခဲ့သော ဘုရင့်နောင်မင်း တရားကြီးသည် ရှမ်းတို့နှင့်လည်း နှီးနွှယ် ဆက်စပ်ခဲ့မှာသေချာသည်။ မည်သည့် အကြောင်း မျိုးရှိခဲ့လေမလဲ...သိချင်စိတ် ကြောင့် ဘုရင့်နောင်မင်းတရားကြီး၏ ရာဇဝင်ကြောင်းကို ရှာဖွေဖတ်ရှုလေ့လာ ခဲ့သည်။
ထို့ကြောင့် တိုင်းရင်းသားများနှင့် သွေးသစ္စာတည်ခဲ့သော ဘုရင့်နောင်မင်း တရားကြီးအကြောင်း ထပ်ဆင့်မျှဝေ လိုက်ပါသည်။
ဘုရင့်နောင်မင်းတရားကြီးကို သက္က ရာဇ် ၈၇၇ခုနှစ်၊ တပို့တွဲလဆန်း ၁၂ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သည်။ သက်တော် ၁၉ နှစ်၊သက္ကရာဇ် ၈၉၆ ခုနှစ်တွင် တပင် ရွှေထီး၏နှမတော် သခင်ကြီးနှင့်စုံဖက် ကာ ''ကျော်ထင်နော်ရထာ''ဟူသောဘွဲ့ အမည်ကို ခံရသည်။ သက်တော် ၂၃နှစ်၊ သက္ကရာဇ် ၉ဝဝပြည့်နှစ်တွင် ဘုရင့်နောင် ဘွဲ့ခံရသည်။ ဘုရင့်နောင်သည် ယောက် ဖတော် တပင်ရွှေထီး၏ စစ်မက်ရေးရာ အတွက် ယာလက်ရုံးကဲ့သို့ အားကိုးရ သောစစ်သူကြီးဖြစ်သည်။ မွန်တို့နှင့် တိုက်သည့်နောင်ရိုးတိုက်ပွဲတွင် နာမည် ဂုဏ်သတင်းကြီးခဲ့သည်။ နောင်ရိုးချောင်း တစ်ဖက်ကမ်းရှိ မွန်တပ်က အင်အားများ စွာဖြင့် တပ်ချလျက်ရှိရာသို့ ဖောင်ဖွဲ့၍ ဘုရင့်နောင်တပ်များက ကူးရသည်။
ထို့နောက် တစ်ဖက်ကမ်းသို့ရောက် သောအခါ မိမိ၏တပ်သားများစိတ်နှစ်ခွ ဖြစ်၍စစ်တွင်တွန့်ဆုတ်နေမည်ကိုစိုးသည်။ ဖောင်ရှိနေလျှင် စစ်ဆုတ်၍ ပြန်ကူးနိုင် သည်။ စစ်ရှုံးသဖြင့် ဘုရင်ကအမျက်ရှ၍ သတ်မည်။ ပြန်ကူးစရာမရှိလျှင် စစ်ကို နိုင်အောင်တိုက်မည်။ ထို့ကြောင့် ဖောင် များကို ဖျက်ဆီးစေခဲ့သည်။ ထိုနောင်ရိုး တိုက်ပွဲအောင်မြင်စေသည့် စီမံကွပ်ကဲမှု ကြောင့်''ဘုရင့်နောင်''ဘွဲ့ကိုခံယူနိုင်ခဲ့သည်။
တောင်ငူမှ ဟံသာဝတီသို့ပြောင်း၍ ထီးနန်းအုပ်စိုးခဲ့သော တပင်ရွှေထီးမင်း နတ်ရွာစံပြီး မြန်မာနိုင်ငံတွင် မတည်မငြိမ် ဖြစ်လာသည်။ သူတစ်လူ ငါတစ်မင်းနှင့် အုံကြွပုန်ကန်လာကြသည်။ ထိုစဉ်က ယိုးဒယားနယ်သည် မြန်မာပိုင်ဖြစ်၍ မြန်မာဘုရင်ထံ အခွန်ဘဏ္ဍာဆက်သရ သည့်အချိန်ဖြစ်သည်။ မြန်မာဘက်မှ နိုင်ငံရေးမတည်ငြိမ်သည့်ကာလတွင်အခွန် မဆက်ဘဲနေသည်။ တပင်ရွှေထီးကို ဆက်ခံသော ဘုရင့်နောင်ကျော်ထင်နော်ရ ထာလက်ထက်တွင် ယိုးဒယားနှင့်စစ်ပွဲ ဖြစ်သည်။ ယိုးဒယားကို အောင်နိုင်ခဲ့ပြီး တောင်ငူကို သိမ်းယူကာ ဒုတိယမြန်မာ နိုင်ငံတော်ကို တည်ထောင်ခဲ့သည်။





မြန်မာသက္ကရာဇ် ၉၁၂ အေဒီ ၁၅၅ဝ တွင် တောင်ငူကို အောင်မြင်စွာ သိမ်းပြီး နောက် ''ကောင်းမှုတော်စေတီမြတ်''ကို တည်တော်မူခဲ့သည်။ မြို့နှင့် သုံးမိုင်ကွာ ဝေးသည့် လဲဘူးကျေးရွာအုပ်စုတွင် တည်ရှိပြီး သာသနာ့မြေဧရိယာမှာ(၈ ဒသမ ၁၂)ဧက ကျယ်ဝန်းသည်။ကောင်း မှုတော်စေတီမြတ်အတွင်းတွင် အောင်မြေ ရှိပြီး ဘုရင့်နောင်မင်းကြီးစစ်ပွဲသွားတိုင်း မဟာအောင်မြေကို နင်းသည်။ဆုတောင်း ပြည့်သည်ဟု ယနေ့တိုင် ဂုဏ်သတင်း ကျော်ကြားသည်။
ဘုရင့်နောင်မင်းတရားကြီးနှင့်စပ်လျဉ်း ၍ လေ့လာခွင့်ရသည့် နောက်ဒေသမှာ တာချီလိတ်ခရိုင်ဖြစ်သည်။ ယခင်က တာချီလိတ်သို့ မရောက်ဖူးသဖြင့် ထိုမြေ ထိုဒေသတွင် ဘုရင့်နောင်မင်းတရားကြီး ၏ရုပ်တုကြီးတည်ရှိလိမ့်မည်ဟုမထင်ခဲ့။ တာချီလိတ်သို့ စာပေဟောပြောပွဲသွားခဲ့ရ သည်။ တာချီလိတ်မြို့သည် မြန်မာနိုင်ငံ ၏ အရှေ့ပိုင်းဒေသတွင်ရှိပြီး ''ရွှေတြိဂံ မြေ''ဟု အမည်ကျော်ကြားသည်။ တာချီ လိတ်မြို့ စာရေးဆရာအသင်းမှ ဖိတ် ကြားသဖြင့် စာပေဟောပြောပွဲအတွက် လေယာဉ်ခရီးဖြင့် ရောက်ခဲ့သည်။
တာချီလိတ် စာရေးဆရာအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အတူ နာယက များ၊ အဖွဲ့ဝင်များက ကြိုဆိုဧည့်ခံသည်။ အဓိက နေရာများသို့ ပို့ဆောင်ရာတွင် ဦးစွာရွှေတိဂုံဘုရားပုံတူ တည်ရှိရာသို့ ည ပိုင်းမှ အေးအေးချမ်းချမ်းရှိမည်။ ညပိုင်း သွားဖူးမည်ဟုစီစဉ်ထားသည်။ထို့ကြောင့် နံနက်စာစားပြီးချိန်တွင်''နေ့သစ်စာကြည့် တိုက်''သို့ ဦးစွာ ရောက်ရှိလေ့လာရ သည်။ စာအုပ်စာပေများ၊ ပရိဘောဂများ နှင့်တီဗွီ၊ ကွန်ပျူတာ စသည်ဖြင့် ပြည့်စုံ ထည်ဝါသော စာကြည့်တိုက်ကြီးဖြစ် သည်။ စာအုပ်ဖတ်သူ၊ စာအုပ်ငှားသူများ တိုးတက်များပြားကြောင်း သိရသည်။
ညနေ ၄ နာရီတွင် ''ဘုရင့်နောင် တရားကြီးရုပ်တု''ရှိရာ ပန်းခြံသို့ လေ့လာရေးရောက်ရှိကြသည်။ ဘုရင့် နောင်မင်းတရားကြီးလက်ပိုက်၍ အရှေ့ အရပ်သို့ မျက်နှာမူထားသည့် ရုပ်တုမှာ ခန့်ညားထည်ဝါလှသည်။ ရှမ်းပြည် အရှေ့ပိုင်းရှိတိုင်းရင်းသားများ အလေး အနက်တန်ဖိုးထားသော ဘုရင်တစ်ပါး ဖြစ်ပြီး ထိုင်းလူမျိုးများကလည်း ဘုရင့် နောင်မင်းတရားကြီးကိုချစ်ခင်ကြကြောင်း ဆရာဖိုးစံ(ဒူးယား)က ပြောပြသည်။ ဘုရင့်နောင်မင်းတရားကြီးရုပ်တုကို ပန်းပု ပညာရှင် ဦးဟန်တင်(ကွယ်လွန်)က ထု လုပ်ပုံဖော်ပြီး ရုပ်ထုတည်ရာရင်ပြင်ကို ဦးကျော်စိုး(စည်ပင်အင်ဂျင်နီယာ)ကတည် ဆောက်ခဲ့ကြောင်းသိရသည်။ ရုပ်တုဖွင့် ပွဲကို ၆-၅-၁၉၉၆ ခုနှစ်တွင် ပြုလုပ်နိုင် ခဲ့ပြီး မုခ်ဦးအဝင်ဝကို ၂ဝ၁၄ ခုနှစ်တွင် အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။
ယခု အချိန်တွင်ရင်ပြင်ဘေးပတ်လည်၌ပန်းမာန် အလှများဖြင့် လှပတင့်တယ်နေသည်။
ဘုရင့်နောင်မင်းကြီးတရားကြီး လက် ပိုက်၍ကြည့်နေသည်မှာ တာချီလိတ်ခရိုင် အတွင်းရှိ တိုင်းရင်းသားအားလုံးညီညွတ် ချစ်ခင်နေသည်ကို ဝမ်းမြောက်နေလေ သလား သို့မဟုတ် မယ်ဆိုင်တံတားမှ ထိုင်းဘက်ကမ်းသို့နေ့စဉ်ကူး၍အလုပ်သွား လုပ်ကြသော မြန်မာ့မြေဖွားတိုင်းရင်းသား များအတွက် ပူပန်စွာစောင့်ကြည့်နေလေ သလား တွေးမိနေသေးသည်။
ဘုရင့်နောင်မင်းတရားတရားကြီးနှင့် စပ်လျဉ်း၍ လေ့လာခဲ့ရသောနောက်ဒေသ တစ်ခုမှာ ရာမညတိုင်းရှိ ''ဟံသာဝတီ နေပြည်တော်''တွင်ခဲ့သော ပဲခူးမြို့ဖြစ် သည်။ သက္ကရာဇ် ၉၁၂ ခုနှစ် ကဆုန် လဆုတ် ၁ ရက်နေ့၌ စစ်တောင်းစား သမိန်စောထွက်လုပ်ကြံ၍ တပင်ရွှေထီး ကွယ်လွန်တော်မူသည်။ ထိုအခါ မြန်မာ လက်နက်နိုင်ငံတော်ကြီးပြိုကွဲပြီး ထီးပြိုင် နန်းပြိုင်မင်းငယ်များပေါ်ပေါက်လာသည်။
သက္ကရာဇ် ၉၁၂ခုနှစ် သက်တော် ၃၄ နှစ်တွင် ကေတုမတီတောင်ငူတွင်မင်းပြု သည်။ တပင်ရွေထီးလွန်ပြီးနောက် ဆက် ခံသောအချိန် သက္ကရာဇ် ၉၁၃ ခုနှစ် သက်တော် ၃၆ နှစ်တွင် ဟံသာဝတီမြို့ တွင်နန်းတက်သည်။ကေတုမတီတောင်ငူ ကို ယာယီမင်းနေပြည်ပြု၍ ထောင်ထား ခြားနားသောမင်းငယ်တို့ကို ၁၆နှစ်ကာလ တိုင်အောင် သိမ်းသွင်းတော်မူရသည်။ အလုံးစုံအောင်မြင်တော်မူသောအခါ လက် နက်နိုင်ငံတော်မှာ အရှေ့ဘက်တစ်လွှား ယိုးဒယားအထိ ကျယ်ဝန်းလာသည်။ ထို့နောက် အင်္ဂါခုနှစ်ပါးနှင့် ပြည့်စုံသော မြို့ကို တည်ရန်စီစဉ်သည်။
မှူးတော်မတ်တော်'ဒေါဗညား'တို့က လည်း သင့်တော်ကြောင်း လျှောက်ထား သဖြင့် သက္ကရာဇ် ၉၂၈ခုနှစ် တန်ဆောင် မုန်းလဆန်း ၁ဝရက် ကြာသပတေးနေ့ တွင်အစပြု၍ ဟံသာဝတီရာဇဌာနီတွင် မြို့တော်သစ်တည်ထောင်သည်။ ဤသို့ ဖြင့် ဟံသာဝတီပြည်ကြီး၌ မြတ်သော အရည်အချင်းနှင့်ပြည့်စုံသည့် နန်းမြို့ တော်ကို 'ကမ္ဗောဇသာဒီ'ဟု သမုတ် သည်။ မြို့ရိုးနှင့်တကွ ရေပြည့်လျက် မိကျောင်းများ အမြဲရှိသော ကျုံး၊မြောင်း၊ တန်ဆောင်း၊ ပြအိုးဖြင့်ပြည့်စုံသည်။ နန်း သစ်၏ဧရိယာမှာ စတုရန်းတာ ၃၄ဝဝ ရှိသည်။ မြန်မာ၊ မွန်၊ ရှမ်း၊ ယိုးဒယား အစရှိသည်တို့မှ ဗိသုကာ၊ လက်သမား၊ ပန်းရန်အတတ်တတ်သူများကိုခေါ်ဆောင် လျက် ဆောက်လုပ်စေခဲ့သည်။
မြို့တံခါး ၂ဝ တည်ဆောက်စေပြီး မြို့တံခါးတစ်ခုအတွက် လက်အောက်ခံ ပဒေသရာဇ်တစ်ဦးကျစီတာဝန်ပေးပြီး တည်စေသည်။ မြို့တံခါးအမည်ကို တည် သူတို့၏ ပြည်ရွာအမည်အတိုင်း ခေါ် တွင်စေသည်။
ဘုရင့်နောင်မင်းတရားကြီးသည်သာ သနာ့ဒါယကာ မဟာဧကရာဇ်မင်းမြတ် ဖြစ်သည်။ ပိုင်နက်နိုင်ငံတော်ပြန့်ပွားများ ပြားလာသည်နှင့်အမျှ သာသနာတော်ကို လည်း ချီးပင့်တော်မူသည်။''မဟာစေတီ တော်ကြီး'' ''မဟာဝိဇယစေတီတော်'' စသည့်စေတီတော်သစ်များကိုတည်တော် မူသည်။ ရှေးဟောင်းစေတီပျက်များကို ပြုပြင်တည်ဆောက်သည်။ ရွှေတိဂုံ၊ ရွှေမော်ဓော စသည့်စေတီတော်တို့ကိုပြင် ဆင်၍ ရွှေထီးတော်အသစ်တင်လှူသည်။
မဟာစေတီတော်ကြီး တည်ဆောက် ရေးအတွက် မွန်၊ ဗမာ အမတ်ကြီးရှစ်ပါး ကို တာဝန်လွှဲအပ်ကာ ကွပ်ကဲစေခဲ့သည်။ မွန်ဗမာတပ်သားပေါင်း မြောက်မြားစွာ ပါရှိပြီး အဓမ္မခိုင်းစေခြင်းမပြုဘဲ အခ ကြေးငွေ စားနပ်ရိက္ခာ ကောင်းစွာပေး တော်မူသည်။ ကိုယ်တော်တိုင်လည်း ကြပ်မတ်နိုင်ရန် စေတီတော်တည်သည့် မြေနေရာအနောက်တွင်စံနန်းတော်ပြာသာဒ် ဆောက်၍ ကုသိုလ်အဝဝပြုကာ စံနေ တော်မူသည်။
ဒုတိယမြန်မာနိုင်ငံတော်ကို တည် ထောင်ခဲ့သည့် ဘုရင့်နောင်မင်းတရား ကြီးသည် မင်းစည်းစိမ်ကို ကေတုမတီ တွင် နှစ်နှစ်၊ ဟံသာဝတီတွင် အနှစ် ၃ဝ၊ နှစ်ရပ်ပေါင်း ၃၂နှစ် ကာလပတ်လုံး အမျိုးဘာသာ သာသနာအကျိုးကို ဆောင် တော်မူခဲ့သည်။
သက္ကရာဇ် ၉၄၃၊ သက်တော် ၆၆ နှစ်တွင် ချက်တစ်ဖြုတ်နာ၍ နတ်ရွာစံ သည်။ မြန်မာနိုင်ငံတွင် နန်းတက်ခဲ့သည့် မင်းအဆက်ဆက်တို့၏ စေတနာကောင်း မှုကြောင့် ဘုရားစေတီ အဆူဆူဖူးခွင့်ရ သည်။ ကြီးကျယ်မြင့်မြတ်၊ထည်ဝါခံ့ညား သည့် ရွှေနန်းတော်ကြီးများကိုလည်း မြင်တွေ့ခွင့်ရနေသေးသည်။ ဒါသည်ပင် ရှေးဘိုးဘွားတို့၏ 'အမွေကောင်းများ' ဟု ကြွေးကြော်နိုင်သည်။
ထိုအမွေကောင်းများကို တည်တံ့စေ ရန် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန် ရှိသူသည် ယနေ့နိုင်ငံတော်အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ယနေ့လူငယ်များဖြစ်သည်။ သမိုင်းရှိသဖြင့် သမိုင်းသိပြီး နိုင်ငံနှင့် နိုင်ငံအတွင်းရှိ ရှေးဟောင်းအမွေများကို ချစ်နိုင်ကြစေရန် ရည်ရွယ်၍ ရေးခြင်း ဖြစ်သည်။
ကျမ်းကိုး။
နတ်သျှင်နောင်နှင့်ဓာတုကလျာ ကထိကဦးစိန်လွင်လေး
ဝိဇ္ဇာ (ဂုဏ်ထူး)၊ ဒီဂျေ။