images
UN
ဆွေးနွေးပွဲများညီလာခံများအောင်မြင်ရေး
| Sunday, 08 July 2018
ပြည်သူလူထုအစည်းအဝေးများ၊ စနစ်နှင့်ပုံစံသည် ရှေးဟောင်းဂရိခေတ်က ပင်စခဲ့သည်။ မြို့ပြဒီမိုကရေစီ ပွင့်လင်းမြင်သာခေတ်ဟုလည်း ခေါ်နိုင်မည်ထင်ပါ သည်။ လူတိုင်းလူတိုင်းသည် အမြင်အတွေးရှိလျှင်ရှိသလောက် လွတ်လပ်စွာဆွေးနွေး ပြောဆိုနိုင်ကြသည်။ လူအများစု၏ သဘောထားဆန္ဒကို စုစည်းပြီး ဆုံးဖြတ်ချက်များ ကိုချသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေး၊ စစ်ရေး စသည်ဖြင့် အရေးကြီး အကြောင်းအရာများကို လူထုနည်းနှင့်ဆုံးဖြတ်စီရင် လုပ်ကိုင်ကြသည်။
အများနှင့်ဆုံးဖြတ်တိုင်း အမှန်တရားမဖြစ်နိုင်ကြောင်း ငယ်စဉ်က အိပ်ရာဝင် ပုံပြင်တစ်ပုဒ်ကို သတိရမိသည်။ ရွာတစ်ရွာတွင် ခန္ဓာကိုယ်ကိုရင်း၍ လုပ်ကိုင်စား သူမိန်းကလေးတစ်ဦးရှိခဲ့သည်။ ထိုမိန်းမပျိုရှိနေခြင်းကြောင့် ရပ်ရွာနာမည်ပျက်သည် ဟုဆိုကာ ရွာသူရွာသားများက ကွင်းလယ်တွင် တစ်ယောက်တစ်ချက်စီရိုက်၍ ရွာမှနှင်ထုတ်မည်ဟုကြံရွယ်ကြပြီး မိန်းမပျိုကို ကွင်းလယ်သို့ ခေါ်ထုတ်သွားကြ သည်။ ထိုအချိန်တွင် အများကြည်ညိုလေးစား၍ ပညာရှိသူတစ်ဦး ရောက်ရှိလာပြီး ၄င်းက''သင်တို့အထဲက အပြစ်လုံးဝမရှိသူကစပြီးရိုက်ပါ''ဟု ဆိုလာသည်။ ထိုစကားက မိန်းမပျိုကိုရိုက်မည့်ရွာသူရွာသားများအားလုံးကို ငြိမ်သက်သွားစေသည်။ ခဏအကြာတွင် ရွာသားတစ်ယောက်ကတုတ်ကို လွှတ်ချပြီးထွက်သွားသည်။ ကျန်ရစ်ခဲ့သူများလည်း သူတို့လက်ထဲကတုတ်များ ခဲများကိုချပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ နောက်ဆုံးတွင် ထိုသူနှင့် မိန်းကလေးသာကျန်ရစ် ခဲ့သည်။ သဘောအဓိပ္ပာယ်က ''မည်သူမျှအပြစ်မကင်းနိုင်''ဟု ဖြစ်သည်။ သူတစ်ပါးအပြစ်ကို လက်ညှိုးထိုးပြောနေသူများသည်လည်း အပြစ်လုံးဝကင်း သူများမဟုတ်ကြောင်း တွေ့ရသလို အများ၏ဆုံးဖြတ်ချက်တိုင်းသည်လည်း အမှန် တရားဖြစ်မလာကြောင်း တွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီ၏အားနည်းချက်မှာ အများလူအုပ်နှင့်ဆုံးဖြတ်လုပ်ကိုင်တိုင်း သန့်ရှင်းသောအမှန်တရားကိုရသည်ဟု အဓိပ္ပာယ်မထွက်ကြောင်း ထင်ရှားသည်။
မည်သို့ပင်ဖြစ်ပါစေ တွေ့ဆုံဆွေးနွေးပွဲများကိုကား ရပ်ပစ်လို့မဖြစ် လုပ်မြဲ တိုင်းသာလုပ်သွားကြရပါမည်။ တွေ့ဆုံဆွေးနွေးပွဲဆိုသည်မှာ နှစ်ဖက်သွားလမ်းဖြစ် သည်။ 'သူမနာ ကိုယ်မနာ'လမ်းလည်းဖြစ်သင့်သလို 'မုန်းသူမရှိ ချစ်သူသာရှိ' လမ်းလည်း ဖြစ်သင့်ပါသည်။ တစ်ဖက်လူ၏ လိုလားချက်ကို မဖြည့်ဆည်းဘဲနှင့် မိမိ၏လိုအပ်ချက်ကိုချည်း ဖြည့်ဆည်းရန်မဖြစ်နိုင်သလို တစ်ဖက်လူ၏လိုအပ်ချက် သည်လည်း မိမိ၏လိုအပ်ချက်လိုပဲဟု သဘောပေါက်ကြဖို့လိုပါမည်။ အာဃာတ၊ ဒေါသ၊ အစွဲအလမ်းတို့ကို ဥပေက္ခာတရားဖြင့် မေ့ပျောက်ထားသင့်သည်။ ဆန့်ကျင် ဘက်လေများ တိုက်ခတ်လာသောအချိန်တွင် ကန့်လန့်ဖြတ်ရွက်လွှင့်ပြီး လမ်းကြောင်း လွှဲသည့်နည်းကိုလည်း သုံးသင့်ကြောင်း အတွေ့အကြုံရင့် စေ့စပ်ဆွေးနွေးရေးသမား များက ဆိုသည်ကို တွေ့ရသည်။
ဒီမိုကရေစီသည် ဆွေးနွေးတိုင်ပင်ကြခြင်းသာဖြစ်သည်။ ငွေများ၊ လက်နက် များ၊ ပါဝါများဖြင့်တွန်းနေလျှင် တစ်ဖက်ကလည်း ထိုသို့သော 'အား'မျိုးနှင့်ပြန် တွန်းလာနိုင်သည်။
'အစည်းအဝေးများများလုပ်လေ ပဋိပက္ခများများကို ဖြေရှင်းနိုင်လေ'ဟု JMC-U တာဝန်ရှိသူများက တညီတညွတ်တည်း မီဒီယာကိုပြောဆိုပါသည်။ အစည်းအဝေး လုပ်ခြင်းသည် ဆက်ဆံရေးများ တည်ဆောက်ထားခြင်းဖြစ်သည်။ တစ်ဖက် နှင့်တစ်ဖက်ရင်းနှီးကြဖို့လည်းလိုသည်။ အစည်းအဝေးအပြီး အလွတ်သဘောပြော ဆိုကြခြင်းများလည်းလုပ်ကြရပါမည်။ ထိုအခါ ဒေသဆိုင်ရာ၊ လူမျိုးအလိုက်ဆိုင်ရာ၊ ယဉ်ကျေးမှုအခြေအနေအမျိုးမျိုးကို တီးခေါက်မိနိုင်ပြီး အလုပ်လုပ်ရာတွင် လက်တွေ့အသုံးတည့်နိုင်ပါသည်။ ဟိုဘက်ဒီဘက် နှစ်ဖက်ကိစ္စဆိုခြင်းထက် အနည်း ဆုံးသုံးပွင့်ဆိုင် တိုင်းရင်းသားပြည်သူများကပါ 'ဘက်'တစ်ခုအနေဖြင့် ပါသင့် ပါသည်။
အပစ်အခတ်ရပ်ထားရုံဖြင့် မလုံလောက်ဘဲ နိုင်ငံရေးဖြစ်စဉ်များပါ နွေးထွေး၊ ဆွေးနွေး၊ ညှိနှိုင်း၊ ပူးပေါင်းပြီး ယုံကြည်မှုတည်ဆောက်သော လုပ်ငန်းစဉ်ကို ဦးတည်သင့်ပါသည်။ စစ်အပြီး ပြန်လည်ထူထောင်ရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးများပါ ဆွေးနွေးထားကြဖို့ လိုပါမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း စဉ်းစား အလေးထားပြီး ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြရပါမည်။ ပြုပြင်ပြောင်းလဲရေးလည်း ကျွဲကူးရေပါလုပ်ကြရပါမည်။ မဟာဗျူဟာမြောက် အမြော်အမြင်ကြီးကြီး စဉ်းစား ဆောင်ရွက်ကြရပါမည်။ ဟိုတစ်စဒီတစ်စ ငါးပွက်ရာငါးစာချ လုပ်မနေသင့်ပါ။
သစ်ပင်တစ်ပင်ချင်းလည်း မြင်အောင်ကြည့်ဖို့လိုသလို သစ်တောတစ်ခုလုံးကို လည်း မြင်အောင်ကြည့်တတ်ကြဖို့ အရေးကြီးကြောင်း ဆိုရိုးစကားများရှိပါသည်။
အားလုံးကိုခြုံ၍ နိုင်ငံရေးအမြင်နှင့် ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်နိုင်ကြမှ သာ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက် ရပါသည်။
UN
UN