images
UN
အမျိုးသားအကျိုးစီးပွားကို အခြေခံထားသော အမျိုးသားနိုင်ငံရေး
| Wednesday, 05 June 2019
အမျိုးသားရေးနှင့် အမျိုးသားနိုင်ငံရေး ကွဲပြားကြောင်း သီအိုရီသဘော တရားအရနှင့် လုပ်ငန်းစဉ်အရပါ ကွာခြားကြောင်းကို ဇွန်လ ၂ ရက် နေပြည်တော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သော တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းတစ်ခုကိုဖြေကြား ရာ၌ ထည့်သွင်းရှင်းပြခဲ့ခြင်းဖြစ်သည်။
အမျိုးသားနိုင်ငံရေးသည် ပုဂ္ဂိုလ်အခြေခံမဟုတ်ဘဲ၊ တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော်၏ အမျိုးသားအကျိုးစီးပွားကိုသာ အခြေခံထား ကြောင်း ထင်ရှားပြီးဖြစ်သည်။
တပ်မတော်က အမျိုးသားနိုင်ငံရေးလုပ်နေခြင်းသည် အခြေခံဥပဒေမှာ လည်းပါကြောင်း ''တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦး ဆောင်မှု အခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်ရန် ဦးတည်သည်'' ဟု ပါပါသည်။
ယခုတပ်မတော်၏ ဆောင်ရွက်နေမှုများသည် အမျိုးသား နိုင်ငံရေးဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူးက ရှင်းပြခဲ့သည်။ တပ်မတော်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်နေခြင်းမျိုးမဟုတ်သော အမျိုးသားနိုင်ငံရေးဖြင့်သာ ဆောင်ရွက် နေခြင်းဖြစ်သည်။ အမျိုးသားနိုင်ငံရေးနှင့်ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံ ရေးနှင့်အခြားနိုင်ငံရေးများမည်သို့ကွာခြား၊ ကွဲပြားကြောင်းကို တပ်မတော်မှ သီအိုရီအရရော လုပ်ငန်းစဉ်သဘောအရပါ အကြိမ်ကြိမ်ရှင်းလင်းပြီးလည်း ဖြစ်သည်။
ရဟန်းတစ်ပါးကို ကာကွယ်ရေးဦးစီးချုပ် ဆွမ်းကပ်ခြင်းသည် ''သံဃဿ'' သံဃာကိုသာ ရည်မှန်းဆွမ်းကပ်ခြင်းဖြစ်ကြောင်းကိုလည်း ပုဂ္ဂိုလ်စွဲမဟုတ်၊ ဗုဒ္ဓတရားတော်၏အလိုအတိုင်း ဖြစ်သည်ဟု တပ်မတော်က ရှင်းပြခဲ့ရာ များစွာမှတ်သားဖွယ်ဖြစ်သည်။
ယနေ့ ပစ္စုပ္ပန် မြန်မာ့နိုင်ငံရေးသည် တစ်ချိန်ကအနာဂတ် မြန်မာ့နိုင်ငံ ရေးမျှော်မှန်းချက်ပင် ဖြစ်သည်။
၁၉၄၅ ဂျပန်တို့လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးစ ရက်များအတွင်းမှာပင် ဗမာ့တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး အရေး တော်ပုံနှင့် မြန်မာ့နိုင်ငံရေးအနာဂတ်ထိတိုင်၊ တစ်နိုင်ငံလုံးရှိ အဖွဲ့အစည်း ပါတီအသီးသီးတို့နှင့် တစည်းတလုံးတည်း ပူးပေါင်းဆောင်ရွက်ရေး၊ ဆောင်ရွက်မည်၊ ဆောင်ရွက်ရမည်ဟူသော သဘောထားကို ထိုခေတ် အာဏာရပါတီ ဖဆပလအစိုးရကို တရားဝင်စာတမ်းပေးအပ် အသိပေးခဲ့ သည်။ ထိုနေ့ကား ၁၉၄၅ခု သြဂုတ်လ ၁၂ ရက်ဖြစ်ကြောင်း၊ မွန်းလွဲ ၁၂နာရီခွဲမှ ၃နာရီအထိ ဖဆပလခေါင်းဆောင်များနှင့်တွေ့ဆုံပြီး တပ်မတော်ဆုံးဖြတ်ချက်ကို တင်ပြအသိပေးခဲ့သည်။ ထိုအချက်ကို မြန်မာ နိုင်ငံသမိုင်းကော်မရှင် ကျမ်းပြုအရာရှိ (နောင်အခါ သမိုင်းကော်မရှင် ဥက္ကဋ္ဌ)ဖြစ်လာသူ၏ ''စစ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ သမိုင်းစာ တမ်းများ'' စာအုပ်တွင် တိတိကျကျ ဖော်ပြထားသည်။
ဇွန်လ ၂ရက်နေ့ အဖွဲ့အစည်း ၁ဝဝကျော် သဘောတူထားသည်ဟုဆို သော ထုတ်ပြန်ချက်တစ်ခု၌ တပ်မတော်သည် နိုင်ငံရေး၊အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များမှ အမြန်ဆုတ်ခွာသင့်ဟု တိုက်တွန်းထားသည်။
တပ်မတော်သာ နိုင်ငံရေးမှ ရုတ်တရက်ဆုတ်ခွာသွားလျှင် ပြည်တွင်း ပြည်ပ ပယောဂများပူးသတ်၍ ပြည်သူတည်းဟူသော ''လူနာ''သေဆုံးရ ဖို့သာရှိကြောင်း ရိုးသားပြီး အစွဲမထားသူအားလုံးက သဘောပေါက်ကြ သည်။ တပ်မတော်လည်း ဆုတ်ခွာ၊ တိုင်းပြည်လည်း တစ်ခါတည်းပျက်စီး ပြိုကွဲသွားလိမ့်မည်ဟု သမိုင်းအတွေ့အကြုံရှိသူအားလုံးက သဘောညီကြ သည်။
ပြည်တွင်းစစ်ကြီးမပြီးဆုံးသေးသမျှ တပ်မတော်ဆုတ်ခွာ၍ မရနိုင်ဟု တပ်မတော်ဘက်က တစ်ကြိမ်မက ပြောကြားရှင်းလင်းပြီးလည်းဖြစ်သည်။
အရာရာတိုင်းကို အမျိုးသားနိုင်ငံရေးအမြင်ဖြင့်ရှုမြင်ပြီး၊ တိုင်းရင်းသား ပြည်သူအားလုံး၏ အကျိုးစီးပွားကိုပေါင်းရုံး၍ ကိုယ်စားပြု စဉ်းစားဆင်ခြင် ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
UN
UN