images
UN
အမွန်မြတ်ဆုံး အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ
| Monday, 10 June 2019
ရှေးမြန်မာကဗျာတစ်ပုဒ်ဖြစ်သည့် မယ်ခွေ၏ 'လက်ဆောင်'ကဗျာကို ယခုပညာသင်နှစ်မှ စတင်ကာ အဋ္ဌမတန်း မြန်မာစာ သင်ရိုးညွှန်းတမ်းမှ ပယ်ဖျက်ရန် သက်ဆိုင်ရာမှ ဆုံးဖြတ်လိုက်ကြောင်း လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် တွေ့မြင်ရသည်။
မြန်မာကဗျာကို ချစ်မြတ်နိုးသူ၊ ဂန္ထဝင်ကဗျာတို့ကို ချစ်နှစ်သက်သူ၊ ကဗျာများကို ရင်ဘတ်ဖြင့်ခံစားသူ၊ မြန်မာစာပေအနုပညာကို ချစ်မြတ်နိုးသူ တို့၏အတွေးတွင် ဆုံးဖြတ်ချက်သည် မှားယွင်းကြောင်း၊ အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း ရင်ထဲထိလှုပ်ခတ်သွားခဲ့သည်။ တစ်ဆက်တည်းတွင် လက်ရှိ မြန်မာ့ပညာရေးစနစ်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ မယ်ခွေ၏ ကဗျာကို မြန်မာသင်ရိုးညွှန်းတမ်းမှ ပယ်ဖျက်ဖို့ မည်သူတို့ လုပ်ဆောင်ခဲ့ သနည်း။ မည်သို့သော အတွေးအခေါ်ဦးနှောက်ဖြင့် စဉ်းစား ခဲ့ကြသနည်း။ မေးခွန်းများ တစ်သီကြီး ပေါ်လာသည်။

မယ်ခွေသည် ကုန်းဘောင်ခေတ်ကာလ ဘိုးတော်ဘုရားလက်ထက် တွင် ပေါ်ထွက်ခဲ့သည့် အမျိုးသမီး စာဆိုတစ်ဦးဖြစ်သည်။ မယ်ခွေ၏ ''လက်ဆောင်''ကဗျာသည် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုကတည်းက မြန်မာစာသင်ရိုးညွှန်းတမ်းတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
ကဗျာပယ်ဖျက်ရခြင်းဖြစ်စဉ်က နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံမှ ပါမောက္ခဆရာဝန်တစ်ဦး၏ အကြံပြုချက်အရ ညွှန်ကြားရေးမှူးချုပ်မှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီးထံ တင်ပြကာ အစည်းအဝေးများတွင် ဆွေးနွေး ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းစာမျက်နှာ တစ်ခု တွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ခိုင်မာသည့် သုတေသနပြုဆောင်ရွက်မှု မဟုတ်၊ စစ်တမ်းကောက်ယူရန်နှင့် ပေါ့ပေါ့ဆဆမလုပ်ရန် ပညာရေးဝန်ကြီး ဌာနသို့ အကြောင်းကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက သတင်းထောက်၏ မေးမြန်းမှုကို ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။
မဝယ်ဘူး၊ မယ်ခူးတဲ့ ဖက်စို။ မီးမကူ နေပူမှာ မကင်အားလို့ ထားရ တယ် အိပ်ရာအောက်မှာ မင်းသောက်ဖို့ကို။ ညှာအနား၊ ရှေ့သွားနှင့်ကိုက်လို့ တို၊ မချိုတောင့်လိပ်ဆေး။ ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့် ငယ် ချစ်မောင်ရွှေဝသွားကို ပါးလိုက်ကဲ့လေး။ စာသားပါ မယ်ခွေ၏ကဗျာသည် ရှေးကမြန်မာတို့၏ လူမှုဘဝကို ပြဆိုပြီး၊ ချစ်ခြင်းမေတ္တာနှင့် ဘဝပုံရိပ် တို့ကို ဖွဲ့ဆိုထားခြင်း ဖြစ်သည်။
မယ်ခွေ၏ လက်ဆောင်ကဗျာကို ပယ်ဖျက်ခြင်းအတွက် အကြောင်း ပြချက်ဖြစ်သည့် ကလေးသူငယ်များ အကျင့်ပျက်ကာ ဆေးလိပ်သောက်ခြင်း အလေ့ ဖြစ်ပေါ်ကာ အန္တရာယ်ကြုံတွေ့နိုင်သည်ဆိုသည်ကို ထိုကဗျာတွင် စိုးစိမျှမမြင်မိပါ။ သနပ်ဖက်ဆေးလိပ်ကောင်း တစ်လိပ်၏ ဖြစ်စဉ်တွင် ချစ်ခြင်းမေတ္တာကို ရောယှက်ဖွဲ့ဆိုထားသည့် အတွေးလှသည့် ရှေးကဗျာ တစ်ပုဒ်သာဖြစ်သည်ဟု မြင်မိပါသည်။
ထိုသို့ နှစ်ပေါင်းရာချီသည့်တိုင် ချစ်စဖွယ်တည်ရှိခဲ့သည့် အနုပညာ လက်ရာ ကဗျာတစ်ပုဒ်ကို ဆေးလိပ်သောက်ဖြစ်အောင် တွန်းအားပေးသည့် ကဗျာအဖြစ် မြင်သည့် ခေတ်သစ်ပညာရှိများကို ဂန္ထဝင်ကဗျာနှင့် ပတ်သက် ပြီး ကဗျာအတွေး၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာပီပီ မြန်မာ့နှလုံးသားမှ ရှိကြရဲ့လားဟု မေးချင်မိပါသည်။
ချုပ်၍ဆိုရလျှင် များမကြာမီက စိမ်းလန်းရွှေပြည် စာပေပြိုင်ပွဲဆု ချီးမြှင့်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ''မည်မျှပင် အားကောင်းသော အမျိုးဖြစ်စေ ကဗျာစိတ်ပျောက်လျှင် အမျိုးပါပျောက်နိုင်တယ် ဆိုတာကို ရှေးဟောင်းရာဇဝင်ထုံးများက သက်သေပြလျက်ရှိပါတယ်။ ကဗျာဆိုတာက အမျိုးသားတို့ရဲ့ အမွန်မြတ်ဆုံးသော အမွေအနှစ်ဖြစ်သလို လွတ်လပ်သော လူမျိုးတို့အတွက် အခိုင်မာဆုံးသော အကာအကွယ်ကြီးလည်းဖြစ်ပါတယ်'' ဟု ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖွင့်ဆိုပြောကြားခဲ့သလို မြန်မာလူမျိုးတို့၏ အမွန်မြတ်ဆုံးသော အမွေအနှစ်၊ အခိုင်မာဆုံးသော အကာအကွယ်ဖြစ်သည့် မယ်ခွေ၏ 'လက်ဆောင်' ကဗျာကဲ့သို့ ရှေးဟောင်း ဂန္ထဝင်ကဗျာများ ပယ်ဖျက်မှုကိုဆန့်ကျင်ပြီး ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ကြရန် လိုအပ် ကြောင်း ရေးသားအပ်ပါသည်။
UN
UN