images
UN
ဆင်းရဲနွမ်းပါးမှု ပိုမိုနက်ရှိုင်းလာသည့်အရေး အလေးဂရုပြုသင့်
| Monday, 01 July 2019
ယနေ့ မြန်မာနိုင်ငံတွင်ရှိသော လူဦးရေ၏ ရာခိုင်နှုန်း ၇ဝ မှ ၈ဝ တို့သည် ဆင်းရဲသူများဖြစ်ကြသည်ဟု လက်ခံထားကြသည်။ ထို့ပြင် ကျေးလက်ဒေသများတွင်လည်း လူဦးရေ၏ ရာခိုင်နှုန်း ၇ဝ မှ ၈ဝ ခန့် ရှိကြသည်။ ထိုကျေးလက်ဒေသနေပြည်သူများသည် ယေဘုယျအားဖြင့် ဆင်းရဲကြပြီး ပြည့်စုံသူ အနည်းစုလောက်သာရှိသည်ဟု ဆိုကြသည်။ ယင်းတို့မှာ လက်တွေ့ဘဝ၏ ခံစားရမှုများ၊ ခေတ်စနစ်၏ ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မှတ်တမ်းအချို့တွင် တွေ့ရသည်။
သို့သော် အသေးစိတ် တွက်ချက်ကြည့်လျှင် မြို့နေဆင်းရဲသော အခြေခံ ပြည်သူတို့က ဟင်းသီးဟင်းရွက်မှစ၍ ဈေးကြီးပေး စားသုံးရသည်။ ငွေကြေးမရှိလျှင် အငတ်နေရမည် ဖြစ်သည်။ ကျေးလက်ဒေသနေ ပြည်သူ တို့က ဆင်းရဲသည်ဟုဆိုသော်လည်း သဘာဝပေးသည့် ချောင်းထဲ၊ မြောင်းထဲ၊ မြစ်ထဲ၊ ပင်လယ်ထဲ တစ်ကိုယ်ရေအတွက် မိသားစုအတွက် သားငါးရှာစား လို့ ရသည်။ ဟင်းသီးဟင်းရွက် အလေ့ကျ အခမဲ့ခူးဆွတ်စားနိုင်သေးသည်။
အလုပ်အကိုင်နှင့် နေ့စဉ်ဝင်ငွေကိုကား မြို့နေပြည်သူတို့က ပို၍ လွယ် ကူစွာ ရှာဖွေနိုင်သည်ဟု တွက်ဆနိုင်သည်။ သို့သော်လည်း သွက်လက် လူရည်လည်သူက ပြေလည်၍ ရိုးသားသူများ ဒုက္ခပင်လယ်ဝေခဲ့သည်။
ဇွန် ၂၇၊ ၂ဝ၁၉ ထုတ်ပြန်ချက်တစ်ခု၌ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု တစ်သောင်းကျော်ကို စာရင်းကောက်ယူရာ မြန်မာနိုင်ငံရှိ လူလေးဦးတွင် တစ်ဦးဆင်းရဲနေကြောင်း ဖော်ပြထားသည်။ ၄င်းစစ်တမ်းသည် ၂ဝ၁၇ စစ်တမ်း ဖြစ်သည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ၏ ငွေကြေးနှင့်အတတ်ပညာကူညီမှုဖြင့် စစ်တမ်းကောက်ယူခဲ့ ခြင်း ဖြစ်သည်။
၂ဝ၁၇ စစ်တမ်းစာရင်းသည် လွန်ခဲ့သောနှစ်နှစ်ဖြစ်ရာ ၂ဝ၁၉ ၏ ဆင်းရဲနွမ်းပါးမှုမှာ ပို၍ အရှိန်အဟုန်ကြီးကာ မပြောင်းလဲသောဖြစ်စဉ်က ပိုများနေကြောင်း မြင်သာထင်သာ ဖြစ်နေသည်။ စာရွက်ပေါ်က တိုးတက်မှု သည်ပင် သံသယဖြစ်ဖွယ်များနှင့်သာ ပြောင်းလဲသွားသည်ဟု ထင်ရသည်။ လက်တွေ့ တိုင်းရင်းသားပြည်သူများ၏ ဘဝမှာ မပြောင်းမလဲ၊ ဆင်းရဲမြဲ ဆင်းရဲလျက်ရှိနေသည်ဟု ဆိုရပါမည်။

ဗဟိုစာရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က''အနိမ့်ဆုံးကုန်ကျစရိတ်တွေ ကို တွက်လိုက်တယ်။ အဲဒီအောက်မှာ ကျနေတဲ့သူတွေကို ဆင်းရဲနွမ်းပါးလို့ ခေါ်တယ်''ဟု ရှင်းပြသည်။ လူတစ်ဦး တစ်နေ့ ၁၅၉ဝ ကျပ်အောက်သာ သုံးနိုင်လျှင် ၄င်းကို ဆင်းရဲသူဟုသတ်မှတ်ပြီး ၁၅၉ဝ မှ ၂၃၈၅ ကျပ် သုံးနိုင်သူကို မဆင်းရဲသူဟု သတ်မှတ်ကြောင်း သိရသည်။
မြန်မာ့စပါးကျီဒေသ စားနပ်ရိက္ခာအပေါများဆုံးဒေသဟု နာမည်ကြီး သော ဧရာဝတီတိုင်းဒေသကြီးတွင် ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံး ၁ ဒသမ ၈ သန်းရှိသည်ဟု သိရသည်။ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကယားပြည်နယ်တို့က နံပါတ်စဉ်အလိုက် ဆင်းရဲနွမ်းပါး လူဦးရေအများဆုံးဟု သိရသည်။ ''ဝ''ဒေသ၊ရခိုင်ဒေသများတွင် စစ်တမ်း ကောက်ယူနိုင်ခြင်းမရှိဟုလည်း သိရသည်။
ဆင်းရဲနွမ်းပါးမှု၏ ဇာစ်မြစ်အရင်းခံကို ဆွဲထုတ်မပြနိုင်ခြင်းသည် စစ်တမ်း၏ အဓိကအားနည်းချက်ဟု ရှုမြင်မိပါသည်။
တိုင်းပြည်၏ စွမ်းရည်အဆင့်၊ ပညာရေးအဆင့်၊ စီးပွားရေးခွဲဝေမှုမျှခြေ စနစ်၊ နိုင်ငံရေး၊ လူမှုရေးများကလည်း ဆင်းရဲနွမ်းပါးမှုကို အရိပ်ထိုးလျက် ရှိကြောင်း သတိမူသင့်ပါသည်။ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ ဘဏ္ဍာရေးစနစ်များ မပြိုင်ဆိုင်နိုင်ခြင်း၊ နိုင်ငံရေးမတည်ငြိမ်ဘဲ စစ်ပွဲများ ဖြစ်ပွားနေခြင်းတို့ကလည်း အကြောင်းရင်းခံကြီးများဖြစ်သည်။
ဆင်းရဲနွမ်းပါးမှုကို လက်ညှိုးသာထိုးပြထားနိုင်ပြီး ခေတ်စနစ်မူဝါဒ အတွေးအခေါ် စိတ်ဓာတ်မဟာဗျူဟာ၊ နည်းဗျူဟာအရ ကြောင်းကျိုး ဆင်ခြင်မှုမှ ထွက်ပေါက်ရှာမပေးနိုင်ခြင်းကြောင့် မပြောင်းလဲသော ဆင်းရဲ နွမ်းပါးမှု ပိုမိုနက်ရှိုင်းလာသည့်အရေးကို အလေးဂရုပြုသင့်ကြောင်း တိုက် တွန်းရေးသားလိုက်ရပါသည်။
UN
UN