images
UN
ရေဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်မှုလျော့ကျအောင် ဆောင်ရွက်သင့်
| Thursday, 11 July 2019

ဇွန်လနောက်ပိုင်းကစတင်ပြီး နေရာကွက်မိုးကြီးခဲ့သည့် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် ကချင်၊ ချင်းပြည်နယ်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် နေရာကွက်မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုနည်းတူ မိုးလေဝသပညာ ရှင်များကလည်း ရေကြီးရေလျှံမှုနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် အကြုံပြုတိုက်တွန်းခဲ့ကြသည်။
မိုးလေဝသပညာရှင်များ တိုက်တွန်းနှိုးဆော်နေစဉ်မှာပင် ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့တွင် ဇူလိုင် ၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ စာသင်ကျောင်း သုံးကျောင်း နှင့် လူနေအိမ်များသို့ ရေဝင်ရောက်ပြီး အိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၅၂ ဦး ကို ယာယီကယ်ဆယ်ရေးစခန်းသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရသည်။ ထို့ပြင် ပိန်းဇလုပ်မြို့ ဆေးရုံတွင်းသို့လည်း ရေဝင်ရောက်ခဲ့သဖြင့် အရေးပေါ်လူနာ ၁ဝ ဦးကို ပြောင်းရွှေ့ပေးခဲ့ရသည်။ ထိုမျှမကသေး၊ မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေကြီးခဲ့ခြင်းကြောင့် ဇူလိုင် ၉ ရက်က ကယ်ဆယ်ရေးစခန်း လေးခု ဖွင့်ထားရသည်။ ဘီးလင်းမြို့နယ် ရေကြီးမှုကြောင့် လူပေါင်း ၁ဝဝ ကျော် ရေဘေးဒုက္ခ ခံစားခဲ့ရပြီး စာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရသည်။
ထိုဖြစ်စဉ်များ မဖြစ်ပွားမီကပင် ဇွန် ၂၇ ရက်က ကချင်ပြည်နယ် ဆဒုံးမြို့တွင် နေရာကွက် မိုးကြီးပြီး တောင်ကျရေတိုက်စားခဲ့ရာ ရပ်ကွက် လေးခုအတွင်း ရွှံ့ညွန်များဖုံးလွှမ်းခဲ့သဖြင့် ၁ဝ နှစ်အတွင်း အကြီးမားဆုံးရေဘေး ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ယင်းကဲ့သို့ ရေကြီးမှုဖြစ်စဉ်များသည် မြန်မာ နိုင်ငံတွင် ယခုမှ ကြုံတွေ့ရခြင်းမဟုတ်ဘဲ ၂ဝ၁၅ ခုနှစ်မှစတင်ကာ နှစ်စဉ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လတို့တွင် မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေဘေးဖြစ်ခဲ့ပြီး စစ်ကိုင်းနှင့် မကွေး တိုင်းဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်နေသောဒေသများအဖြစ် ကြေညာခဲ့ရသည်။ ရေဘေးအတွက် နိုင်ငံတကာမှ အကူအညီများကို လက်ခံခဲ့ရသည်။ ရေဘေးကြောင့် ပြည်သူများ ဆုံးရှုံးနစ်နာခဲ့ရသကဲ့သို့ အစိုးရလည်း ဆုံးရှုံးနစ်နာခဲ့ရသည်။ ယင်းဖြစ်စဉ် များကို သင်ခန်းစာယူပြီး နောက်နှစ်များတွင် ရေဘေးအန္တရာယ် မကြုံတွေ့ ရအောင်၊ ဆုံးရှုံးမှုသက်သာအောင် ပြင်ဆင်ထားဖို့လိုကြောင်း ပညာရှင်များက တိုက်တွန်းခဲ့ကြသော်လည်း ၂ဝ၁၆၊ ၂ဝ၁၇၊ ၂ဝ၁၈ ခုနှစ် မိုးရာသီတွင်လည်း ရေဘေးအန္တရာယ်နှင့် ဆက်လက်ကြုံတွေ့ခဲ့ရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးနစ်မြုပ်မှုများနှင့်ပတ်သက် ပြီး နိုင်ငံတော်အစိုးရပိုင်းကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများကို ကြားသိခဲ့ရသည်။ သို့သော် ဘေးအန္တရာယ် လျော့ပါးသက်သာ အောင် မဆောင်ရွက်နိုင်သည့်အပြင် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားပြင်းထန် လာသည်ကို တွေ့ရသည်။
ထိုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားမှသာ အစည်းအဝေးထိုင်၊ ဇာတ်တိုက်လေ့ကျင့်၊ ကယ်ဆယ်ရေးဆောင်ရွက်၊ မစို့မပို့ ထောက်ပံ့မှု များ ပြုလုပ်၍ ဆေးမြီးတို နည်းများဖြင့် ကုသနေ၍ ရမည်မဟုတ်ပေ။ ရေဘေးအန္တရာယ် မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ် လျော့ပါးအောင် ဆောင်ရွက်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တတ်သိပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး ရေတိုရေရှည်စီမံချက်များချမှတ်ကာ လက်တွေ့ကျကျ ဆောင်ရွက်ရန် အလွန် အရေးကြီးလှသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံတွင် ရေဘေးအန္တရာယ်များ စတင်ကြုံတွေ့ နေရပြီး ပိုမိုပြင်းထန်လာမည့် အလားအလာများ ရှိနိုင်မည်ဟု မျှော်မှန်း ဆောင်ရွက်ရမည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အပြောများကို လျှော့ပြီး ရေဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်မှုသက်သာအောင် လက်တွေ့ကျကျ ဆောင်ရွက်ပေးဖို့လိုကြောင်း ရေးသားလိုက်ရပါသည်။
UN
UN