images
UN
တရားဥပဒေစိုးမိုးရေးဆောင်ရွက်ပေးပါ
| Sunday, 04 August 2019
နိုင်ငံတစ်နိုင်ငံတွင် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးသော အရာတစ်ခုဖြစ်သည်။ တရားဥပဒေမစိုးမိုးလျှင် ပြည်သူများအတွက် လုံခြုံငြိမ်းချမ်းမှုများပျောက်ဆုံးပြီး ကျီးလန့်စာစား နေရသော ဘဝမျိုးကိုသာ ပိုင်ဆိုင်ရမည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီး ကဏ္ဍများဖြစ်သော စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးအပိုင်းတို့တွင်ပါ ဆိုးဆိုးရွားရွား ထိခိုက်လာမည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် အစိုးရသည် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင် ရွက်မည်ဟုြေ<ွကးကြော်လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း လက်ရှိအစိုးရ၏ ငါးနှစ်သက်တမ်းကုန်ခါနီးအချိန်ထိ တရားဥပဒေစိုးမိုးရေး သည် လျော့ရိလျော့ရဲဖြစ်နေဆဲ၊ တရားဥပဒေစိုးမိုးမှုမရှိ ဖြစ်နေဆဲပင်ဖြစ် သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်တမ်းကောက်စရာပင်မလိုပေ။ တစ်နေ့ တခြား ပိုမိုများပြားလာသော အတင့်ရဲရဲ၊ ဗြောင်ကျကျ ကျူးလွန်နေသည့် မှုခင်းများ၊ ဖြစ်စဉ်များကို ကြည့်လျှင်ပင် သိနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ မှုခင်းများသည် ယခင်နှစ်များတွင် ဖြစ်ပွားခဲ့သလို ယခုနှစ်တွင်လည်း ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ကမ်းနားလမ်း ဗိုလ်အောင်ကျော်ကွန်တိန်နာဝင်းအရှေ့ရှိ ဝင်၊ ထွက်ပေါက် ကားလမ်းပေါ်၌ ကွန်တိန်နာကားများပိတ်နေစဉ် ယာဉ်လမ်းကြောရှင်းလင်းနေသည့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် လမ်းမပေါ်ဖြတ်ထွက်လာသည့် ကွန်တိန်နာယာဉ်မှ ယာဉ်မောင်းတို့ တစ်ဦးနှင့်တစ်ဦး အချင်းများရန်ဖြစ်ရာမှ ယာဉ်ထိန်းရဲ တစ်ဦးကို ကွန်တိန်နာယာဉ်မောင်းက ငှက်ကြီးတောင်ဓားဖြင့် ခုတ်ခဲ့သည့် ဖြစ်စဉ်၊ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ်တွင် အမျိုးသား တစ်ဦးက ကတ်ကြေးဖြင့် လိုက်ထိုး၍ ရဲတပ်ဖွဲ့ဝင်အပါအဝင် လူခြောက်ဦး ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ထို့ပြင် ဇူလိုင် ၂၃ ရက်က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ နယ်တွင် မြေနုကျွန်းပိုင်ဆိုင်မှုကိစ္စ အငြင်းပွားခဲ့ကြရာမှ အဓိကရုဏ်းအဆင့် သို့ရောက်ကာ တိုက်ခိုက်သတ်ဖြတ်ကြသည်အထိဖြစ်ခဲ့ပြီး လူ ၄ဝ ခန့် သေဆုံးသွားခဲ့သည့်ဖြစ်စဉ်၊ ဇူလိုင် ၂၄ ရက်က ဖျာပုံမြို့နယ် ကျုံစီကျေး ရွာတွင် ဦးလေးဖြစ်သူက တူမ၏လည်ပင်းကို တုတ်ဖြင့်ရိုက်၊ လည်ပင်း ညှစ်ကာ ရေနှစ်သတ်ပြီး နားကပ်ကို ဖြုတ်ယူထွက်ပြေးခဲ့သည့် ဖြစ်စဉ်၊ ဇူလိုင် ၂၉ ရက်က အင်းစိန်မြို့နယ် မုဒိတာအိမ်ရာတွင် ဈေးဝယ်ပြီး နေအိမ်တိုက်ခန်းသို့ပြန်လာသည့် မိန်းကလေးတစ်ဦးကို တစ်တိုက်တည်း နေသူတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်၊ ဇူလိုင် ၃ဝ ရက် နံနက်ပိုင်း က မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းရောင်လမ်းနှင့်(၁၁၈)လမ်းထောင့်ရှိ လေးလွှာတိုက်ခန်းတစ်ခန်းတွင် ပစ္စည်းများခိုးယူရန် ဖောက်ထွင်း ဝင်ရောက် သူက အိမ်ရှင်ဇနီးမောင်နှံနှစ်ဦးကို ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့သည့် ဖြစ်စဉ် များကဲ့သို့ ထင်ရှားလူသိများသော လတ်တလောမှုခင်းဖြစ်စဉ်များကို ဥပမာ ပေးလိုပါသည်။
ယင်းဖြစ်စဉ်များကို လေ့လာကြည့်လျှင် သာမန်ပြည်သူများသာမက အစိုးရဝန်ထမ်း၊ ပြည်သူကို ကာကွယ်ပေးနေရသည့် ရဲဝန်ထမ်းများပင် မလုံခြုံသောအခြေအနေများ ဖြစ်ပေါ်နေသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရမည်ဖြစ်သည်။ ထိုဖြစ်စဉ် မှုခင်းများသည် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စကို အလေးပေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွက် များစွာအရှက်ရသိက္ခာကျစေသောဖြစ်စဉ်များပင် ဖြစ် သည်။ အဆိုးရွားဆုံးမှာ ထိုကဲ့သို့သောမှုခင်းဖြစ်စဉ်များကြောင့် မြန်မာ ပြည်သူများ၏ဘဝသည် လုံခြုံငြိမ်းချမ်းမှုများပျောက်ဆုံးပြီး ကျီးလန့်စာစား နေရခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ အတွင်း တရားဥပဒေစိုးမိုးရေးအတွက် အပြောဖြင့်မဟုတ်ဘဲ လက်တွေ့ ကျကျ ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
UN
UN