images
UN
သဘာဝဘေးအန္တရာယ် လျော့ကျသက်သာစေရေး ဆောင်ရွက်ပေး
| Thursday, 08 August 2019
ယခုရက်ပိုင်းတွင် နေ့စဉ်ရက်ဆက် မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့ သည်။ မိုးရွာသွန်းမှုသည် မိုးတွင်းဘက်တွင် ပုံမှန်ရွာသွန်းနေကျ ပုံစံမျိုး မဟုတ်ပေ။ မိုးရွာသွန်းမှုမှာ ပြင်းထန်သကဲ့သို့ အချိန်လည်းကြာမြင့်သည်။ ရံဖန်ရံခါသာ မိုးရွာသွန်းမှု အနည်းငယ် ပါးသွားတတ်ပြီး များသောအားဖြင့် တစ်နေ့လုံး အားသွန်ခွန်စိုက် ရွာသွန်းနေတတ်သည်။ ထိုကဲ့သို့ မိုးသည်းထန် စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုအချိန်တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်တစ်ခု ဖြစ်ပွားခဲ့ပြီး မုန်တိုင်းငယ်အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန် စသည့်တိုင်းဒေသကြီးနှင့်ပြည်နယ် တို့တွင် မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးလိုက်သည်။

အဆိုပါ ဒေသများတွင် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ချောင်းများအနီးတွင် နေထိုင်သူများ အနေဖြင့် မြေပြိုမှုနှင့် ရေကြီးရေလျှံမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင် ကြရန်လည်း သတိပေးထားသည်ကို တွေ့ရသည်။ လက်ရှိတွင် သံလွင် မြစ်ရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လူဦးရေ ၂၇ဝဝ ခန့် ရေဘေး လွတ်ရာသို့ ရှောင်တိမ်းနေရသည်။ စစ်တောင်းမြစ်ရေကလည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်နေသောကြောင့် ပဲခူးတိုင်းဒေသကြီးရှိ ရွှေကျင်၊ ကျောက်ကြီး၊ မိုးညိုမြို့တို့မှ ဒေသခံများကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်။ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းရှိ စာသင်ကျောင်း ၅၈ ကျောင်းကိုလည်း ပိတ်ထားရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက် လေးခုနှင့် ကျေးရွာအုပ်စု ခြောက်စုရှိ အိမ်ထောင်စု ၃၈ဝ မှ လူဦးရေ ၁၈၈၃ ဦးကို ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ ထားရပြီး စာသင်ကျောင်း ၁၂ ကျောင်းကိုလည်း ပိတ်ထားရသည်။ ထိုမျှ မကသေး ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် နေ့စဉ် မိုး သည်းထန်စွာရွာသွန်းပြီး မြစ်ရေအနည်းငယ် တက်လာခြင်းကြောင့် လူနေ ရပ်ကွက်အချို့တွင် ရေဝင်ရောက် နစ်မြုပ်မှုဖြစ်ပြီး ရေဘေးသင့်သူများလည်း ရှိလာခဲ့သည်။ ထို့ပြင် လွန်ခဲ့သည့် ငါးရက်ခန့်က သည်းထန်စွာ ရွာသွန်း ခဲ့သော မိုးသည် လုံးဝမတိတ်ဘဲ ယနေ့ထိ ဆက်လက် ရွာသွန်းနေသော ကြောင့် ရေကြီးရေလျှံမှုများလည်း ဆိုးရွားသော အနေအထားသို့ ရောက်ရှိ သွားနိုင်သည်ဟု ခန့်မှန်းရသည်။ ထိုသို့ဖြစ်ပေါ်ပါက မြန်မာပြည်သူများ အနေဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ကြီးမားစွာ ကြုံတွေ့ရဖွယ် ရှိနေ သည်ကို အထူးသတိထားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့များကသဘာဝဘေးအန္တရာယ်များပေါ်တွင် အာရုံစူးစိုက်မှု နည်းခြင်း၊ မည်သူ့ပယောဂမပါ၊ သဘာဝအတိုင်းဖြစ်နေ သည်ဟုယူဆနေသကဲ့သို့ အရေးမကြီးဟု ထင်နေခြင်း၊ အဂတိလိုက်စား မှုများရှိနေခြင်း၊ ပညာရှင်ပိုင်း၊ နည်းပညာပိုင်း၊ လူနှင့်အဆောက်အအုံ၊ ငွေကြေးပိုင်းများ အားနည်းခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် လျော့ပါး သက်သာစေရေးကို ထိရောက်စွာကာကွယ်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့မဆောင်ရွက်နိုင်သဖြင့် မြန်မာပြည်သူများမှာလည်း သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအခါတွင်လည်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေပြီး ပြည်သူ များမှာ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေကြရပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာပြည်သူများအသက်အိုးအိမ်စည်းစိမ်များ မပျက်စီး၊ မဆုံးရှုံးစေရေးအတွက်သဘာဝဘေးအန္တရာယ်များ လျော့ကျ သက်သာစေရန် ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက်ပေးသင့်ကြောင်း ရေးသားလိုက်ရပါသည်။
UN
UN