images
UN
သဘာဝဘေးအန္တရာယ်များအတွက် အရေးပေါ်ကူညီဆောင်ရွက်ပေးပါ
| Tuesday, 13 August 2019
ယခုနှစ် မိုးရာသီတွင် မုတ်သုံလေအားကောင်းခဲ့ရာမှ အစပြုပြီး မိုး သည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူများ ရေဘေးသင့်ခဲ့ရသည်။ ထိုအချိန်တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်ခဲ့သောကြောင့် ရေကြီးရေလျှံမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ မိုးရွာသွန်းမှုသည် ပုံမှန်ရွာသွန်း သည့်ပုံစံများနှင့် ကွဲလွဲကာ စံချိန်တင်ရွာသွန်းခဲ့သည်။ နေ့စဉ်ရက်ဆက် အချိန်ကြာမြင့်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုများအပြင် မြေပြိုတောင်ပြို မှုများဖြစ်ပွားပြီး လူများ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ရသည်။
ယခုနှစ် ရေဘေးစတင်ကြုံတွေ့ရသည့် ဇွန်လ ၂၅ ရက်မှ သြဂုတ် ၉ ရက်အတွင်း ကချင်၊ မွန်၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်များ၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရေကြီး နစ်မြုပ်ပြီး လူ ၁၄၅,၆၅၆ ဦး ရေဘေးရင်ဆိုင်ခဲ့ရကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ရေဘေးကြောင့် သုံးဦး သေဆုံးပြီး နေအိမ် ၁၂၈ လုံး လုံးဝပျက်စီးခဲ့ကြောင်း၊ ချင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်တွင် ရေပြန်ကျ၍ ရေဘေးကယ်ဆယ်ရေးစခန်းများပိတ်သိမ်း ပြီး ကျန်ဒေသများတွင် လူ ၆၇,ဝ၈၅ ဦးသည် ရေဘေးကယ်ဆယ်ရေးစခန်း များ၌ ခိုလှုံနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရေဘေးကြောင့် သေဆုံးသူသုံးဦးသာရှိကြောင်း ထုတ်ပြန်ထားသော်လည်း အခြား လေပြင်းဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုမှုဘေးတို့ကြောင့် သေဆုံးသူ ဦးရေသည် ယခုနှစ်မိုးရာသီအတွင်း အနည်းဆုံး ၂ဝဝ ခန့် ရှိပြီဖြစ်သည်။

ဖားကန့်တွင် ကမ်းပါးပြိုကျ၍ လူ ၂ဝ ဦးထက်မနည်း သေဆုံးမှု၊ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တောင်မြေပြိုကျမှု၊ လောင်းလုံး၊ ပုလော၊ ရေဖြူ၊ ကျွန်းစုနှင့် မြိတ်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှု၊ လောင်းလုံးမြို့နယ်ရှိ ရှင်မော်တောင်ဘုရားပေါ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများအနက် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ တောင်မြေပြိုကျမှု မှာ အဆိုးရွားဆုံးဖြစ်သည်။ သြဂုတ် ၁၃ ရက်နေ့ ညနေ ၅ နာရီအထိသေဆုံး သူ ၆၅ ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။ ထို့ပြင် ယင်းမြေပြိုကျခဲ့သည့် တောင်တွင်အက်ကြောင်းများ ထပ်မံတွေ့ရပြီး မိုးသည်းထန်စွာရွာသွန်းလျှင် မြေထပ်မံပြိုကျနိုင်သေးကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထိုကဲ့သို့ ရေကြီးမြေပြို သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပြီး ပြည်သူ များ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးနေရသော်လည်း နိုင်ငံတော်အစိုးရ၏ အရေးပေါ်ကယ်ဆယ်ရေးများ အချိန်မီလျင်လျင်မြန်မြန် မလုပ်ဆောင်နိုင် သည်ကို တွေ့ရသည်။ ပေါင်မြို့နယ် တောင်မြေပြိုမှုဖြစ်စဉ်တွင် လူရာချီ သေဆုံးနိုင်သည်ဟု ဒေသခံပြည်သူများက ပြောကြားထားသော်လည်း ကနဦးအရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် ပြည်နယ်အဆင့် သာ လုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် ထိရောက်လျင်မြန်မှုတွင် လိုအပ်သည် ထက်ပို၍ အားနည်းနေခဲ့သည်။ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ဒေသများကို သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများအဖြစ်ကြေညာပြီး ထိထိရောက်ရောက် ဆောင်ရွက် ခဲ့သည်။ ထို့ပြင် သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရေကြီးရေလျှံမှုကြောင့် ကျိုးပေါက်မှာစိုးရိမ်ရသည့် ကြီးအုံကြီးဝဆည်တွင် ညအိပ်သွားရောက် နေထိုင်ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဆောင်ရွက်ခဲ့သည် ကို တွေ့ရသည်။ ထိုလုပ်ဆောင်မှုများကို လက်ရှိအစိုးရအနေဖြင့် အတုယူ ဆောင်ရွက်သင့်ပေသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတွင် အားနည်းမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ပြည်သူများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်တွင် အရေးပေါ် အခြေအနေတစ်ရပ်ကြေညာပြီး ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးဖို့လိုကြောင်း ရေးသားလိုက်ရပါသည်။
UN
UN