images
UN
အကြမ်းဖက်သောင်းကျန်းသူများနှင့် အမျိုးသားလုံခြုံရေး
| Friday, 30 August 2019
မြန်မာနိုင်ငံတွင် နေ့စဉ်နှင့်အမျှ သတင်းမီဒီယာများတွင် ရန်ကုန် မြို့လယ် ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များ အပါအဝင် တစ်ပြည်လုံး မူးယစ် ဆေးဝါးရောင်းဝယ်မှုမှ ဖမ်းဆီးရရှိမှုများ၊ ပြင်းထန်သောခုခံမှုများ၊ ရာဇဝတ် မှုများ၊ သတ်ဖြတ်မှုများကြောင့် သေဆုံးနေသူဓာတ်ပုံများကိုပါ အမြဲတမ်း မြင်တွေ့နေရ၏။
ရခိုင်ဘက်မှာ အကြမ်းဖက်မှုများ ရှိနေဆဲဖြစ်သလို မကြာခင်က ပြင်ဦးလွင်လို စစ်တက္ကသိုလ်ရှိရာ မြို့ကြီးကိုပင် ပစ်ခတ်တိုက်ခိုက် အကြမ်း ဖက်သတ်ဖြတ်မှုများ ကျူးလွန်လာသည်။ မြို့ကြီးများ၏ အလယ်ကောင် အထိ သေနတ်ဖြင့်ပစ်သတ်မှုများ လုပ်ဆောင်လာကြသည်။ မူးယစ်ဆေးဝါး နောက်ကြောင်းခံဇာတ်လမ်းများကြောင့်ဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန် သည်။
နိုင်ငံခြားသတင်းတစ်ပုဒ်ကို ဖတ်မိရာမှ မြန်မာ့လုံခြုံရေးအကြောင်းနှင့် နှိုင်းယှဉ်မိသည်။ ဖတ်မိသောနိုင်ငံခြားသတင်းမှာ မက္ကဆီကိုတွင် ရာဇဝတ်မှု ကြောင့် မည်သူမည်ဝါဟု မသိရသေးသည့် အလောင်းများ တစ်နိုင်ငံလုံး တွင် ၂၆ဝဝဝ ခန့်ရှိဟု သမ္မတကိုယ်တိုင်က ပြောလာကြောင်းကို သြဂုတ်လ ၂၇ ရက် ဆင်ဟွာသတင်းမှာ ဖော်ပြထားသည်။
အကြမ်းဖက်မှုပပျောက်ရေးအတွက် အဓိကအချက်မှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးပင်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် နှိမ်နင်း ၍မရကြောင်း ၄င်းကမီဒီယာသို့ ပြောကြားလိုက်ပါသည်။ မူးယစ်ဆေးဝါး ဂိုဏ်းကြီးများကို ဖျက်သိမ်းနိုင်ခဲ့ပြီးသော်လည်း လက်နက်ငယ်များဖြင့် လှုပ်ရှားနေသောမူးယစ်ဂိုဏ်းငယ်များပေါ်လာနေကြောင်း၊ ၄င်းတို့အချင်းချင်း သတ်ဖြတ်တိုက်ခိုက်မှုများ ပေါ်ပေါက်နေကြောင်း ဖော်ပြထားသည်။
နဂိုကတည်းက မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ယနေ့တိုင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းဆူပူမှုများ ရှိနေရသည့်အထဲ မူးယစ် ဆေးဝါး ဓာတ်ဆီလောင်စာများ ကျရောက်လာသောအခါ တိုင်းပြည် တစ်ခုလုံး ပေါက်ကွဲလောင်မြိုက်နေပြီဟု ဆိုရပါမည်။

နိုင်ငံတော်အဆင့်လုံခြုံရေး အစည်းအဝေး၊ ကာလုံခေါ်ရမည့် အခြေ အနေတွင် တမင်မခေါ်ဘဲထားသည်ဟု ရှုမြင်မှုများရှိသည်။ ထို့ကြောင့် ပုံမှန်ဆွေးနွေးညှိနှိုင်းပြီး ပေါ်လစီချမှတ်ရသော ပလက်ဖောင်းပျောက်ဆုံး နေပေသည်။ ကာလုံမရှိ၍ ကာလုံအစားထိုး အခြားသောစုဖွဲ့မှုမျိုးလည်း မရှိပေ။
ပြဿနာဖြစ်လာမှ အစည်းအဝေးခေါ် အလုပ်လုပ်ခြင်းမှာ ခေတ်မမီ သော လုပ်နည်းလုပ်ဟန်မျှသာဖြစ်ကြောင်း၊ တာဝန်ရှိသူတို့ သိသင့်သည်။ မှားပြီးမှ နောက်မှလိုက်ကောက်နေခြင်းမှာ လုံခြုံရေးခရီးမှန်သို့ရောက်မည် မဟုတ်ချေ။ ကြိုတင်ပြင်ဆင်မှု သတိ၊ အသိချွတ်ယွင်း ဥာဏ်နည်းရာ ကျပေသည်။ အမျိုးသားလုံခြုံရေးပေါ်လစီ မရှိဖြစ်နေကြောင်း ငြိမ်းချမ်း ရေးနှင့်လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူဒ်(MIPS) အမှုဆောင်ဒါရိုက် တာက မီဒီယာသို့ပြောပြသည်။
ဒုစရိုက်သမားများက လာဘ်ထိုးပြီး သတင်းယူသွားခြင်းသည် လုံခြုံ ရေးစည်းဖောက်မှုဖြစ်ကြောင်း၊ ၄င်းကသုံးသပ်ပြခဲ့သည်။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်း ဥပမIS လို အဖွဲ့အစည်းတွေနှင့် ARSA တို့ဆက်စပ်မှုများကို ကြိုတင်တားဆီးတိုက်ဖျက်ထားနိုင်ဖို့လိုကြောင်း ပညာ ရှင်များကထောက်ပြသည်။ အကြမ်းဖက်ခြိမ်းခြောက်မှုများကို မည်သို့တုံ့ ပြန်မည်နည်းဆိုသော လုံခြုံရေးဆိုင်ရာ မူဝါဒချမှတ်မှုမျိုး ပြင်ဆင်မှုမျိုး လိုအပ်နေကြောင်းလည်း ထင်ရှားပါသည်။ ထောက်လှမ်းရေး၊ ယန္တရား အားကောင်းဖို့လည်းလိုအပ်ကြောင်း ရေးသားမှုများဖတ်ရသည်။ လုံခြုံရေး ဆိုင်ရာ ဥပဒေများဖျက်သိမ်းထားခြင်းကိုလည်း တပ်မတော်ကိုယ်တိုင်က ထောက်ပြလာခဲ့ပြီဖြစ်သည်။
အချုပ်ဆိုရသော် ထိုမူဝါဒချမှတ်နိုင်သော နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စများကို ဥပဒေအရ တာဝန်ရှိသူများညှိနှိုင်းဆောင်ရွက်သင့် ပြီး ရေတို အရေးကြီးအလုပ်မှာ လုံခြုံရေးဖြစ်သည်။ ရေရှည်ကြိုးပမ်းရ မည့်အလုပ်မှာ ငြိမ်းချမ်းရေးဖြစ်သည်။ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ကိုင်တွယ်ကျင့်သုံးဖို့လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။
UN
UN