images
UN
စီးပွားရေးကျဆင်းမှုနှင့်စီမံကိန်း ၁ဝဝ ကျော်
| Saturday, 28 September 2019
တိုင်းပြည် နိုင်ငံတစ်ခုမှာ စားဝတ်နေရေး ရှားပါးနိမ့်ကျသွားပါက နိုင်ငံတော် စီးပွားရေးမကောင်း၍ကျဆင်းသွားသည်ဟုသာဆိုကြပါသည်။ အခြေအနေ မကောင်းသည်ကို အားလုံးကောင်းပါသည်ခင်ဗျားဟု မုသာဝါဒပြောကြားလျှင် အပြစ်ရှိပါသည်။ အခြေအနေမကောင်းခြင်း၌ ကိုယ့်မှာတာဝန်ရှိနေသည်ကလည်း တစ်ပြစ်၊ ဗြောင်လိမ်ပြောတာကလည်း တစ်ပြစ်ဆိုလျှင် အပြစ်နှစ်ခု ဖြစ်သွား ပေမည်။
အောက်ထပ်အဆောက်အအုံစီးပွားရေးခိုင်မာအားကောင်းနေလျှင် အပေါ်ထပ် နိုင်ငံရေးလည်း ကောင်းမည်ဖြစ်သည်။
မှန်သည်ဟု ယုတ္တိနည်းကျကျ စဉ်းစား ပေးလျှင်ရပါသည်။ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ၊ ထိုင်းတို့ ထိုသဘောတရားကို စိုက်ထူထား၍ လက်တွေ့၌ နိုင်ငံနှင့်ပြည်သူ အခြေအနေကောင်းသွားပါသည်။
၂ဝ၁၉ ခုနှစ်တွင် ၂ဝ၁၈ ကထက် မြန်မာ့စီးပွားရေးကျဆင်းသွားသည်။ စီးပွားရေးတိုးတက်မှု ၆ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး ငွေကြေးဖောင်းပွမှုက ရှစ်ရာခိုင်နှုန်းမြင့်တက်သွားသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ထုတ်ပြန်သော Asian Development Outlook 2019 Update အစီရင်ခံစာတွင် ဖော်ပြထား သည်။
မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်းအားဖြင့် ၂ဝ၁၈ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁၉ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းဟု ကြိုတင်မှန်းဆ ခဲ့ကြသော်လည်း လက်တွေ့တွင် ရှစ်ရာခိုင်နှုန်းထိဖြစ်ပေါ်ခဲ့ဟုဆိုပါသည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းဟု ခန့်မှန်းထားပြန်ရာ ယင်းသည် ငွေကြေး ဖောင်းပွမှုနှုန်း အရှေ့တောင်အာရှတွင် အမြင့်ဆုံးစံချိန်ဖြစ်နေကြောင်း သိရသည်။
နိုင်ငံတွင်းပြဿနာအခက်အခဲများကြောင့် မျှော်မှန်းထားသလို အနောက် နိုင်ငံများက ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု တွန့်ဆုတ်နေကြသော်လည်း၊ ဟောင်ကောင်၊ တရုတ်၊ စင်ကာပူတို့က ဝင်ရောက်ရင်းနှီးမြှုပ်နှံကြသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုသည်။
သို့သော် မြန်မာ့ငွေကြေးတန်ဖိုးက ဒေါ်လာနှင့်ယှဉ်လျှင် အားပျော့လွန်းနေပြီး၊ ငွေကြေးဖောင်းပွမှု ကျရောက်ခံစားနေရဆဲသာဖြစ်သည်။ စားသောက်ကုန်ဈေး နှုန်းများ ကိုးရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်မှုလည်း ကျဆင်း သွားကြောင်း သိရသည်။ သယ်ယူပို့ဆောင်ရေးစနစ် အားနည်းခြင်းကြောင့်လည်း ဖြစ်သည်ဟု သိရသည်။
အရေးထဲအရာပေါ်ဆိုသကဲ့သို့ ရန်ကုန်မြို့သစ်စီမံကိန်း၊ ဒလဖွံ့ဖြိုးရေးစီမံကိန်း များအပါအဝင် စီမံကိန်း ၁ဝဝ ကျော် အကောင်အထည်ဖော်ခြင်းမပြုဘဲ မှတ်တမ်း အဖြစ်သာထားရန် စက်တင်ဘာ ၂၆ ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အကြံပြုချက်ထွက်ပေါ်လာသည်။ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ အတွင်းရေးမှူး ကိုယ်တိုင် လွှတ်တော်တွင် အကြံပြုခြင်းဖြစ်သည်။
ယင်းစီမံကိန်းများသည် ပြီးမြောက်နိုင်ခြင်း ရှိမရှိ၊ စီးပွားရေးအရ တွက်ခြေ ကိုက်မှုရှိမရှိ၊ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု ရှိမရှိ၊ ဒေသဝန်းကျင်ကို အကျိုးပြုမပြု၊ လူမှုပတ်ဝန်းကျင်နှင့် ဒေသပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ စသည့် အချက်များဖြင့် ချိန်ဆပြီး စီမံကိန်းတစ်ခုချင်းအလိုက် အသေးစိတ် ပြန်လည် စိစစ်တင်ပြသင့်ကြောင်းလည်း ထောက်ပြခဲ့သည်။ စီမံကိန်းများကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လျော်ညီစွာ ဆက်လက်ဆောင်ရွက်သင့်ကြောင်းလည်း သုံးသပ် တင်ပြခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့သစ်စီမံကိန်း၊ ဒလမြို့ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မိုးပျံရထားစီမံကိန်း၊ အိမ်ရာစီမံကိန်း၊ အပြည်ပြည်ဆိုင်ရာ ဘက်စုံသုံး ဆိပ်ကမ်းစီမံကိန်း၊ ဈေးဟောင်းများစီမံကိန်းတို့လည်းပါဝင်ကြောင်း သိရသည်။
အလုပ်တစ်ခု၊ စီမံကိန်းတစ်ခုကို အောင်မြင်အောင်လုပ်နိုင်ဖို့အတွက် အချိန် ကာလနှင့် ငွေကြေးအခက်အခဲပေါင်းများစွာရှိသလို ကြိုတင်ပြင်ဆင်မှုများ၊ လုပ်ငန်းစီမံချက်များသေချာတိကျခိုင်လုံစွာရေးဆွဲပြီးမှ လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုလိုငွေကြေးဖောင်းပွပြီး စီးပွားရေးကျနေချိန်တွင် စီမံကိန်း ၁ဝဝ ကျော် လုပ်ဆောင်မည်ဆိုသည်မှာ သဘာဝလည်းမကျဘဲ လေထဲတိုက်အိမ်ဆောက်သလို မျိုးသာဖြစ်နိုင်ကြောင်းကို တာဝန်ယူ တာဝန်ခံသူများ သဘောပေါက်သင့်ကြောင်း ရေးသားလိုက်ရပါသည်။
UN
UN