images
UN
နိုင်ငံကို ဦးဆောင်သူလမ်းချော်လျှင် နိုင်ငံနှင့်ပြည်သူသာထိခိုက်
| Thursday, 17 October 2019
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးမူဝါဒလမ်းချော်ခြင်း၊ နိုင်ငံရေးခေါင်းဆောင် များလမ်းချော်ခြင်းတို့သည် နိုင်ငံကို ဆယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ် နှစ်ခုကျော်မျှ နောက်ကျတတ်ကြောင်း အတိတ်သမိုင်းများက သက်သေပြ နေသည်။
ထိုနည်းတူ ဒီမိုကရေစီကျင့်သုံးနေသော်လည်း သက်ဆိုင်ရာအာဏာရ သောပါတီ အစိုးရခေါင်းဆောင်တို့၏ မူဝါဒလွဲချော်မှုဖြစ်ပါက ရွေးကောက်ပွဲ သက်တမ်းတစ်ခုအထိ နိုင်ငံနှင့်ပြည်သူ ဒုက္ခပင်လယ်ဝေတတ်ပါသည်။ ထိုဒုက္ခကို ပြန်လည်တည့်မတ်လမ်းမှန်ရောက်အောင် ပြန်ကြိုးစားရသည့် အချိန်ကို နိုင်ငံနှင့်ပြည်သူက ပြန်လည်ပေးဆပ်ကြရဦးမည် ဖြစ်ပေသည်။ တိကျသော သက်သေအထောက်အထားက ယနေ့ပြည်သူများ၏ လက်တွေ့ ဘဝပင် ဖြစ်ပေသည်။
အနောက်နိုင်ငံကြီးအုပ်စုက မည်သည့်အခါတွင်မှ မြန်မာ့အပေါ် မကောင်းခဲ့ပါ။ ၄င်းနိုင်ငံကြီးများမှ လျှို့ဝှက်ထောက်လှမ်းရေးများ၊ စုံထောက် များ၊ သူလျှိုများက မြန်မာ့နိုင်ငံရေးသမားများအကြား သပ်လျှိုအုပ်စုခွဲကြပြီး အချင်းချင်း မညီညွတ်စေရန် အတိတ်ကာလတစ်လျှောက်လုံး လုပ်ဆောင်လာ ခဲ့ရာ ၁၉၄၈ မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်းတို့ဦးဆောင်မှုဖြင့် ၄င်းဖောက်ပြန်
ရေးအင်အားစုများကို ကျော်လွှားအနိုင်ယူကာ စုစည်းညီညွတ်သည့် အင်အားဖြင့် လွတ်လပ်ရေး ရယူပေးနိုင်ခဲ့သည်။
နိုင်ငံရေးလမ်းကြောင်းများအားလုံး၏ အန္တိမရည်မှန်းချက်မှာ နိုင်ငံဖွံ့ဖြိုး ရေးသာဖြစ်ပါသည်။ ဝါဒရေးရာ၊ လမ်းစဉ်ပေါ်လစီ ရှာဖွေစမ်းသပ်ကြခြင်းမှာ ''စေတနာ'' ဖြစ်၍ အပြစ်ဟု မမြင်နိုင်ပါ။ သို့သော် စနစ်တစ်ရပ်၊ လမ်းစဉ် တစ်ခုကို ကာလတစ်ခုအထိ ကျင့်သုံးပြီး မအောင်မြင်နိုင်မှန်း သိလျက်နှင့် ရှေ့တိုးနေလျှင် နိုင်ငံတော်ကြီး ချောက်ထဲကျဖို့သာရှိသည်။ အမြဲထာဝရ မှန်သောလမ်းစဉ်ဟူ၍ မရှိနိုင်ဘဲ အမြဲပြောင်းလဲနေပါသည်။ ပြောင်းလဲနေခြင်း သည်သာ ထာဝရ အမှန်တရားပင်ဖြစ်ပါသည်။ ဂရိခေတ်တွင် ဒီမိုကရေစီပေါ်ခဲ့ အားကောင်းခဲ့သည်။ ၄င်းပြင် သက်ဦးဆံပိုင်စနစ်၊ ဖက်ဆစ်စနစ်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်တို့လည်း ပေါ်ပေါက်ခဲ့ကြပါသေးသည်။ သို့သော် ကာလတစ်ခု ကြာမြင့်သောအခါ မှေးမှိန်ကွယ်ပျောက်သွားခဲ့သည်ကို တွေ့မြင်ရသည်မှာ သမိုင်း၏ နိယာမပင်ဖြစ်ပါသည်။
၁၉၄၈ မတိုင်မီရခဲ့သော ညီညွတ်မှုမျိုးကို ထိန်းမထားနိုင်ဘဲ အချင်းချင်း အကွဲအပြဲ ဇာတ်လမ်းထဲမှာ အကြမ်းဖက်မှုများ ကျူးလွန်လာသောအခါ ၁ဝ နှစ်အကြာ ၁၉၅၈ အရောက်တွင် ဖဆပလ၏ ဒီမိုကရေစီဈေးကွက်စီးပွားရေး စနစ်သည် တပ်မတော်ကို အိမ်စောင့်အစိုးရလုပ်ပေးပါဟု ခေါ်ရတော့သည်။ သို့သော်လည်း ကွဲပြားခြားနားမှုများကို စေ့စပ်ပွဲလုပ်မရဘဲ ၁၉၆၂ ၌ တစ်ပါတီ စနစ် အောက်ရောက်ခဲ့ရသည်။ ယင်းသည် အတိတ်သမိုင်းအမှန်ဖြစ်ပြီး ၁၉၆၂ ရှေ့ပိုင်းကို နိုင်ငံရေးသင်ခန်းစာယူကြရပါမည်။ ၁၉၆၂ ရှေ့ပိုင်းသည် ၁၉၄၈ ရှေ့ပိုင်းကဲ့သို့ နိုင်ငံရေး စည်းလုံးမှု၊ ညီညွတ်မှု၊ အချင်းချင်း ယုံကြည်မှုများ မရခဲ့ကြောင်း ထင်ရှားသည်။
ယခု ၂ဝ၁၉ ခုနှစ် မြန်မာ့နိုင်ငံရေး အခြေအနေသည် ၁၉၄၈ နောက်ပိုင်း ၁၉၆၂ မတိုင်မီကဲ့သို့ ဖြစ်လာနေပြီလားဟု နိုင်ငံရေးသုံးသပ်သူတို့က ဆိုလာကြ သည်။ ယနေ့ အခြေအနေသည် ပါတီစုံ ဗဟုယဉ်ကျေးမှုကလည်း အသားမကျ သေးဘဲ ပုဂ္ဂိုလ်တစ်ဦးတည်းက ဆုံးဖြတ် အမိန့်ပေးပြီး ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ စီးပွားရေး အဘက်ဘက်က နိမ့်ကျနေသည်။ တိုင်းရင်းသား များကို ချဉ်းကပ် စည်းရုံးမှု မပြုနိုင်သည့်အပြင် ရခိုင်ကိစ္စ ကိုင်တွယ်မှု လွဲမှားပြီး နိုင်ငံခြားသားများက နေပြည်တော်အထိ ဝင်ရောက် စွက်ဖက် နေကြသည်ကို တွေ့ရသည်။ ပြည်သူများသည် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်နှင့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းဒဏ်တို့ကို ခံစားနေကြရသည်။
နိုင်ငံရေး လုံခြုံရေးမှစ၍ တပ်မတော်နှင့် လက်တွဲပြီး ကာကွယ်ရေး ဆောင်ရွက်မှုမရှိ (ကာလုံမခေါ်) ဖြစ်နေရာ၊ ကုလနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများက သူတို့အင်အားဖြင့်ပါ မြန်မာ့အချုပ်အခြာ ပိုင်နက်ထဲဝင်မည်ဟု လေသံများလွှင့်နေသည်က ၁၉၆၂ ကလို အခြေအနေမျိုးသို့ ရောက်နေပြီလား ဟု နိုင်ငံရေး အကဲခတ်များက သဘောညီစွာဆိုကြသည်။
နိုင်ငံကို ဦးဆောင်တာဝန်ယူထားသူတို့ တစ်ခါလမ်းချော်လျှင်မျိုးဆက် တို့ကို ထိခိုက်သွားနိုင်ပါသည်။ အသိနှင့်ယှဉ်၍ သတိပြုကြပါဟု ရေးသား လိုက်ရပါသည်။
UN
UN