images
UN
ဉာဏ်ပညာဖြင့် သတိကြီးစွာထားရန်လို
| Friday, 29 November 2019
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ မြန်မာနိုင်ငံသွားရောက် တရား ရင်ဆိုင်ရန်မှာ တစ်ရက်ထက်တစ်ရက်နီးလာနေပြီဖြစ်သည်။ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံသည် ဂျီနီဗာ ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဆိုသော အမှုကို ဒီဇင်ဘာ ၁ဝ ရက်နေ့၌ အများ ပြည်သူများရှေ့မှောက်တွင် စတင်ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။
လူမျိုးသုဉ်းသတ်ဖြတ်ခြင်း ရာဇဝတ်မှုတားဆီးကာကွယ်ရေးနှင့်အပြစ်ပေး ရေးဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ချိုးဖောက်သည်ဟုစွပ်စွဲပြီး အဖွဲ့ဝင် ၅၇နိုင်ငံပါဝင်သော အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ မှတစ်ဆင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
ICJ တွင် တရားစွဲခံရခြင်းမှာ မြန်မာ့သမိုင်းတစ်လျှောက် ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာ၌ အကြီးမားဆုံးဖိအားပေးမှု အခံရဆုံးပွဲဖြစ်သည်။ တရား စွဲခံရခြင်းနှင့်ပတ်သက်၍ အစိုးရအဖွဲ့သည် တပ်မတော်ခေါင်းဆောင်ပိုင်းကိုပါ သမ္မတအိမ်တော်သို့ဖိတ်ကြားကာ နိုဝင်ဘာ ၂၃ရက်နေ့တွင် ရှင်းလင်းပွဲပြုလုပ် ခဲ့သည်။ အရပ်ဘက်၊ စစ်ဘက် ထိပ်သီးခေါင်းဆောင်များအားလုံး တက်ရောက် သောကြောင့် ပြည်သူတို့အားတက်ခဲ့ရသည်။
ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို ကွန်ဗင်းရှင်းပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆တို့အရ တရားစွဲဆိုထားခြင်းဟု အစိုးရတာဝန်ရှိသူက ရှင်းလင်းခဲ့သည်။ ICJ ၏ ယခုတရားစွဲဆိုမှုသည် နှစ်ပေါင်းများစွာကြာမြင့်နိုင်သည်ဟု နိုင်ငံတကာရေးရာ ကျွမ်းကျင်သူတို့က ဆိုကြသည်။
ဂမ်ဘီယာနိုင်ငံက အချိန်ယူ၍ စနစ်တကျပြင်ဆင်ထားပြီး ဥပဒေရေးရာ ပိုင်းလည်း အပိုင်အနိုင်လုပ်ထားမှုရှိရာ မြန်မာအစိုးရ၏ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူသို့ အသိပေးနိုင်မှုရှိမှသာ အကြံဉာဏ်ကောင်းများ ထွက်လာနိုင်သည်ဟု ဥပဒေပညာရှင်တို့က ထောက်ပြနေကြသည်။
တစ်ဖက်က ဂမ်ဘီယာရှေ့နေအဖွဲ့(Foley Hoag) သည် ယခင်အစိုးရ လက်ထက် မြန်မာဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အငြင်းပွားမှုတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရှေ့နေလိုက်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ထိုစဉ်က မြန်မာ့ရေပိုင်နက်အချို့ စွန့်လွှတ်ခဲ့ရသော သမိုင်းရှိသည်။
တရားရုံးဆုံးဖြတ်ချက်အား ပြည်သူ၏ဝန်းရံပွဲများ၊ ထောက်ခံပွဲများလုပ်၍ ဖိအားပေးခြင်းလုံးဝလုပ်၍မရဘဲ မိမိဘက်မှ စနစ်တကျပြင်ဆင်ချဉ်းကပ်ဖို့လိုမည် ဖြစ်ကြောင်း နားလည်သူများက ပြောနေကြသံကြားရသည်။
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်နေခြင်းမဟုတ်ကြောင်း၊ ၄င်းတံဆိပ် ချိတ်လိုက်ခြင်းကို ဆွဲဖြုတ်ပစ်နိုင်ရမည်ဖြစ်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူတစ် ဦးက ထောက်ပြသည်။
တရားလွှတ်တော်ရှေ့နေကြီးတစ်ဦးက ဥပဒေဘောင်အတွင်းမှ ပြောဆိုရန်၊ ဥပဒေနှင့်လွတ်ထွက်မသွားအောင်ပြောဆိုရန်၊ စကားတစ်လုံးမျှမှား၍မရကြောင်း၊ စကားတစ်လုံးမှားသည်နှင့် ၄င်းကိုထောက်ပြီး ဥပဒေနှင့်ဖမ်းလိုက်လျှင် ရှုံးသွား နိုင်ကြောင်း၊ ထိုသို့ရှုံးသွားသောအမှုတွေ အများကြီးတွေ့ဖူးကြောင်းနှင့် လုံးဝဝန်မခံမိဖို့လိုကြောင်း ဆွေးနွေးသံကြားရသည်။
နိုင်ငံရေးပါတီကြီးတစ်ခုက သတိပေးသံလည်းထွက်လာသည်။ သွားရောက် တရားရင်ဆိုင်ရာ၌ တစ်စုံတစ်ဦးတစ်စုတစ်ဖွဲ့သို့ အပြစ်ဖို့လွှဲချပြီး ကိုယ်လွတ်ရုန်း ခြင်းမလုပ်ဖို့လည်းလိုကြောင်း ဖြစ်၏။
ချုပ်လိုက်လျှင် ပြည်သူများထဲမှ အကြံဉာဏ်များ၊ ပညာရှင်များ၏ အကြံ ဉာဏ်များကိုပွင့်လင်းမြင်သာစွာဖြင့် လေးစားစွာရယူစုဆောင်းပြီး ဉာဏ်ပညာ သတိဝီရိယကောင်းကောင်းဖြင့် သွားရောက်ရင်ဆိုင်သင့်ကြောင်း ရေးသားလိုက်ရ ပါသည်။
UN
UN