images
UN
နိုင်ငံ့အချုပ်အခြာအာဏာ အားလုံးတွင်တာဝန်ရှိ
| Tuesday, 03 January 2017
မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ရက် တနင်္ဂနွေနေ့တွင် အလုံးစုံ လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်သို့ အင်္ဂလိပ်နယ်ချဲ့တို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သည်။ ယခုဆိုလျှင် (၆၉)နှစ် ပြည်မြောက်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံအောက်ပိုင်းသည် နှစ်ပေါင်း ၁ဝဝခန့်နှင့် မြန်မာနိုင်ငံအထက် ပိုင်းသည် နှစ်ပေါင်း ၆ဝ ခန့်တိုင်းတစ်ပါး၏အချုပ်အချယ်ကိုခံခဲ့ရပြီးနောက် မြန်မာတိုင်းရင်းသားမျိုးချစ်ခေါင်းဆောင်များ၏ ဦးဆောင်ကြိုးပမ်းဆောင်ရွက် ခဲ့မှုကြောင့် လွတ်လပ်ရေးရရှိခဲ့ခြင်းလည်းဖြစ်သည်။ ရရှိပြီးသော လွတ်လပ်ရေး ကိုတည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုတိုင်းရင်းသား အားလုံးမမေ့မလျော့ကြ စေရန် နှစ်စဉ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)ရောက်တိုင်း မြန်မာနိုင်ငံ အနှံ့ရှိ ဒေသအသီးသီးတွင် အထိမ်းအမှတ်ပွဲများကို ဆင်ယင်ကျင်းပကြသည်။ သက်ဆိုင်ရာဒေသအလိုက် ပျော်ပွဲရွှင်ပွဲများကျင်းပလေ့ရှိသည်။ ထိုနေ့တွင် နိုင်ငံတော်အစိုးရမှလည်း နိုင်ငံ၏တာဝန်များကို အသက်သွေးချွေးစတေးကာ ထူးချွန်စွာထမ်းဆောင်သူများအား နိုင်ငံတော်အဆင့် ဘွဲ့ထူးဂုဏ်ထူးနှင့် ဆုလာဘ် များပေးအပ်ချီးမြှင့်ကြသည်။
မြန်မာ့လွတ်လပ်ရေးသည် သမိုင်းချီ၍ အသက်သွေး ချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး ခက်ခဲကြမ်းတမ်းမှုပေါင်းများစွာ ဖြတ်သန်းတိုက်ပွဲဝင်ခဲ့ပြီးမှ အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုသည့် အဆင့်အတန်းကိုရရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာဆိုသည်မှာ အခြားနိုင်ငံများ၏ အခွင့်အရေးများကို ထိခိုက်မှုမရှိစေဘဲ မိမိနိုင်ငံ၏ပြည်တွင်းရေးများဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည်တို့တွင်လည်းကောင်း၊ ပြည်ပအရေးအရာများဖြစ်သော နိုင်ငံတကာနှင့်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ စာချုပ်များချုပ်ဆိုခြင်းစသည်များတွင်လည်းကောင်း မိမိနိုင်ငံ၏သဘောထား အတိုင်း လွတ်လပ်စွာဆုံးဖြတ်နိုင်သည့် အခွင့်အရေးဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတကာတွင် ဥပဒေပညာရှင်များက အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ အခွင့်အရေးနှင့်တာဝန်များကို ခိုင်မာစွာဖော်ထုတ်ရေးသားကြသည်။ ယင်းတို့မှာ နိုင်ငံ၏လွတ်လပ်ရေး၊ နိုင်ငံများတန်းတူညီမျှမှုရှိရေး၊ နယ်ပယ်စီရင်ပိုင်ခွင့်ရရှိရေး၊ နိုင်ငံကိုကာကွယ်ခုခံပိုင်ခွင့်ရရှိရေးနှင့် ကိုယ်ပိုင်စီရင်ဆုံးဖြတ်နိုင်ခွင့် စသည် တို့ဖြစ်သည်။ ထို့ပြင် နိုင်ငံအချင်းချင်းပဋိပက္ခဖြစ်ပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ နိုင်ငံတကာအငြင်းပွားမှုများပေါ်ပေါက်လာပါက စစ်ရေးဖြင့် ဖြေရှင်းနည်းမှရှောင်ရှားရေး၊ အပြည်ပြည်ဆိုင်ရာစာချုပ်ပါတာဝန်များကို လိုက်နာ ဆောင်ရွက်ရေးနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက် ဖက်ရေးစသည်တို့ဖြစ်သည်။
မိမိနိုင်ငံ၏ပြည်တွင်းရေးကို အခြားနိုင်ငံများမှ ပုဂ္ဂိုလ်များအား ဖြေရှင်း ဆောင်ရွက်ပေးရန် ခေါင်းဆောင်က တောင်းဆိုခြင်းသည် သူ၏အရည်အချင်းကို နိုင်ငံတကာသို့ ခင်းကျင်းပြသခြင်းဖြစ်သည်ဟု ဆိုကြသည်။ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကိုလည်း မလေးစားရာရောက်သည်ဟု ဆိုနေကြပြန်သည်။ လက်ရှိဖြစ်ပွားနေသော ရခိုင်အရေးသည် မိမိနိုင်ငံ၏ပြည်တွင်းရေးဖြစ်နေသည်။ မိမိ၏ပြည်တွင်းရေးဖြစ်သော ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုဘယ်ဆုရှင် ၁၃ဦးက ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တောင်းဆိုခဲ့သည်မှာလည်း နိုင်ငံ၏အချုပ်အခြာအာဏာကို သွေးတိုးစမ်းခြင်း ကဲ့သို့ဖြစ်နေသည်။ သို့သော်လည်း ကုလသမဂ္ဂမှ ယခုအချိန်ထိမှတ်ချက်တစ်စုံ တစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ မကြာသေးမီက မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့အစည်းများ အတိုင်ပင်ခံကောင်စီ၏ထောက်ပံ့ရေးရေယာဉ်များ ရခိုင်ဒေသသို့စေလွှတ်မည်ဖြစ်ကြောင်း မလေးရှားအခြေစိုက်မီဒီယာများတွင် ဖော်ပြခဲ့သည်။ ယင်းသတင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတို့သည် နိုင်ငံ၏အချုပ်အခြာအာဏာ အတွက် ပြတ်သားစွာတုံ့ပြန်ခဲ့ကြသည်။
မိမိနိုင်ငံ၏အချုပ်အခြာအာဏာကို စော်ကားလာသောကိစ္စရပ်မှန်သမျှကို ကာကွယ်နိုင်ရန် နိုင်ငံတကာဥပဒေများနှင့်အညီ တုံ့ပြန်သွားကြရမည်ဖြစ်သည်။ နိုင်ငံ၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန် အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံးတွင် တာဝန်ရှိပါကြောင်း ရေးသားလိုက် ရပေသည်။

UN
UN