images
UN
မြန်မာ့အနာဂတ်သို့ခြေလှမ်းနှစ်ဆယ်
| Wednesday, 11 January 2017
ဗိုလ်ချုပ်အောင်ဆန်းက ကျွန်ုပ်တို့မြန်မာနိုင်ငံ သူများနောက်မှာ ကျန်ခဲ့သည်မို့ သူများတစ်လှမ်း ကိုယ်ဆယ်လှမ်းဟုပြောခဲ့သည်။ သူ၏ တိုင်းပြည်သို့ နောက်ဆုံးမိန့်ခွန်း ၁၉၄၇ မှာ ပြောခဲ့ခြင်းဖြစ်သည်။
ယခုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူကို လာမည့်နှစ်နှစ်ဆယ်မှာကျော် တက်မည်ဟု စင်ကာပူမှာပင် ပြောခဲ့သည်။ ၂ဝ၁၆ နှောင်းပိုင်းမှာ ပြောခဲ့ခြင်းဖြစ်သည်။
ဤသည် တိုင်းပြည်သွားမည့် မဟာဗျူဟာလမ်းလော။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးလမ်းကြောင်းလော။ အမြင့်ဆုံးပုဂ္ဂိုလ်ဟုဆိုသူက ပြောခြင်းဖြစ်၍ အရေးအကြီးဆုံးစကားတစ်ခွန်းဟု မှတ်ယူပါသည်။ ဤသည် တိုင်းပြည်၏အနာဂတ် လားရာ၊အိပ်မက်၊ အပြောင်းအလဲအတွက် လမ်းညွှန်ချက်လားစဉ်းစားကြရမည်ဖြစ်သည်။
အတိတ်ဒဏ်ရာဒဏ်ချက်အများကြီးနှင့် လက်ရှိအလဲလဲအကွဲကွဲနှင့် ခရီးသွားနေ ရသော ပြည်သူသည် အနာဂတ်စိမ်းစိမ်းလန်းလန်း၊ ငြိမ်းငြိမ်းချမ်းချမ်း၊ အပြုသဘော ဆောင်ခြင်းနှင့် ကောင်းသောလက်တွေ့ဖြစ်နိုင်ခြေများကို မျှော်မှန်းလျက်ရှိကြပါသည်။ မျှော်မှန်းချက်ဟူသည် ဝါးတားတား၊ မှုန်တုန်တုန် ရုပ်ရှင်ပြသလို မဖြစ်သင့်။ နေရောင် လရောင်ပမာ ရှင်းလင်းပြတ်သားကြည်လင်ဝင်းပသင့်ပါသည်။
ပြည်သူတို့သည် လက်တွေ့ကျကျ အရှေ့မျှော်သာဖြစ်သင့်သည်။ 'မျှော်'ဆိုသည် မှာ ဟိုက ဒီကလာမှာကို မျှော်ခြင်းမဟုတ်။ ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်ချယ်ရီပန်း တွေကို မျှော်ခဲ့သည်။ ၁၉၈၈ ကာလမှာ အနောက်ဆရာကိုမျှော်ခဲ့သည်။ မျှော်တာမှန်သမျှ က 'မော'ရသည်ချည်းဖြစ်သည်။ ဂျပန်ကို တော်လှန်ရသည်။ အနောက်ကို ယနေ့ထိ သတိထားနေရသည်။ အနောက်ကဆရာများက ၁၈၈၅ သီပေါခေတ်စိတ်ဓာတ်များ ရှိနေဆဲဟု ပြည်သူတို့ယူဆသည်။ ကိုယ့်အချုပ်အခြာကို ကိုယ်ထိန်းသိမ်းကာကွယ်ရင်း ယနေ့တိုးတက်နေသော ဂျပန်၊ စင်ကာပူတို့ကိုမျှော်တာ အတုယူတာသဘာဝကျပါ သည်။ ဝင်စားမှုကတော့ ကိုယ့်ပြည်တွင်း ကိုယ်အချင်းချင်းမှာသာ ဖြစ်သင့်သည်။ အမီလိုက်မည်မဟုတ်ဘဲ ကျော်တက်မည်ဆိုတော့ ပိုပြီးပြင်းပြစူးရှလွန်းပါသည်။ အိန္ဒိယ ပြည်ကြီးကိုယ်၌က ယနေ့အရှေ့သာကြည့်မည်ဟု ပြောလိုက်ပြီဖြစ်သည်။ အရှေ့သည် အရှေ့အချင်းချင်းကိုသာ ကြည့်သင့်သည်မဟုတ်ပါလော။ အရှေ့ကြည့်ခြင်းကိုထောက်ခံ ပါသည်။ နောင်အနှစ်နှစ်ဆယ်မှာ ကျော်တက်မည်ဆိုခြင်းသည် အလုပ်သဘောပါနေ သည်။ အိပ်မက်ကိုပြောဆိုမှုနှင့် အလုပ်သဘောမတူဘူးဆိုတာ ပြောဆိုသူတို့နားမှ လည်ကြရဲ့လားဟု ပညာရှင်တစ်ဦးက ဝေဖန်လိုက်သည်။ ဝေဖန်သူမှာ နေပြည်တော် ရောက် နိုင်ငံခြားမှပြန်လာသူ မြန်မာမီဒီယာသမားတစ်ဦးဖြစ်ပါသည်။
ခေါင်းတွဲက ဥသြသံပေးသော်ငြားလည်း နောက်တွဲတွေက အဆင်သင့်ဖြစ်သေးပုံ လည်းမရပါ။ ခေါင်းတွဲချည်းပဲ ခုတ်မောင်းလို့တော့မရနိုင်ပါ။ ဝန်ကြီးအဖွဲ့လို နောက် လိုက်ကြီးများကပါ ယုံကြည်ချက်ရှိရှိ တက်တက်ြ<ွကြ<ွကလိုက်ပါနိုင်ကြမှ ခြေလှမ်း နှစ်ဆယ် သို့မဟုတ် လာမည့်အနှစ်နှစ်ဆယ်ကဆိုခဲ့သည့်အတိုင်း အဓိပ္ပာယ်ရှိပါမည်။ စင်ကာပူကိုကျော်ဖို့က မိုးကိုဒူးနှင့်တိုက်ရမည်သို့ ရှိပါမည်။
ယခုအခြေအနေမှာက စင်ကာပူကငါးဆမျှ မြန်မာထက်သာနေပါသည်။ အမီလိုက် ဖို့တောင် အတော်ခဲယဉ်းပါမည်။ သူကလည်း ငြိမ်ဝပ်ပိပြားနေသည်မဟုတ်ပါ။ လှုပ်ရှားတိုးတက်နေပါသည်။ ကျွန်ုပ်တို့ အပြောထက် အလုပ်ပိုဆန်အလုပ်ကြိုးစား လုပ်သင့်သည်။ ခေါင်းတွဲကရဲရဲကြီး ဥသြဆွဲနိုင်သော်လည်း နောက်တွဲတွေက ဘယ်လို လဲဟု မေးခွန်းထုတ်ရမလိုဖြစ်နေသည်။
လူသားအရင်းအမြစ် အခက်အခဲရှိနေပါသည်။ တိုင်းပြည်မတည်ငြိမ်သေးပါ။ စီးပွားရေး ရေခံမြေခံအဆောက်အအုံတွေ 'ကြိုဆောက်မထားနိုင်ပါ'။ ခုမှ'စ'လုပ်ရပါ မည်။ သူများကိုကျော်ဖို့ထက် ကိုယ့်ဘာသာကိုယ် အဆင်လေးပြေဖို့ အရေးကြီးပါ မည်။ ကိုယ့်အကြောင်းသာ ကိုယ်ဝင်စားသင့်ပါသည်။

UN
UN